CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN) တည်ထောင်ခြင်း(Rising Day) ၄၆ နှစ်ပြည့် အခမ်းအနားကို NSCN-K/AM အဖွဲ့က ၎င်းတို့၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ဆက်ဆံရေးရုံးမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့သည်။
အဆိုပါ ခန္တီးမြို့ရှိ ဆက်ဆံရေးရုံးကို NSCN-K/AM အဖွဲ့ကတော့ အပစ်အခတ်ရပ်စဲရေးရုံးဟု ခေါ်လျက်ရှိသည်။
NSCN ကို ၁၉၈၀ ပြည့်နှစ်က ကပ္ပလန်၊ အိုက်ဇက်ရှီချီဆူ၊ ဗွီးဗာတို့ ပူးတွဲ၍ ဖွဲ့စည်းခဲ့သည်။ သို့သော် သဘောထား တိုက်ဆိုင်မှု ကွဲလွဲခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်တွင် NSCN-K နှင့် NSCN-IM ဆို၍ ၂ ခြမ်းကွဲသွားခဲ့သည်။

NSCN-K ကို မြန်မာနာဂ ဦးကပ္ပလန်က ဦးဆောင်ခဲ့ပြီး NSCN-IM ကိုတော့ အိန္ဒိယနာဂ ဦးအိုက်ဇက်ချီရှီဆူနှင့် ဦးမွီးဗာတို့က ဦးဆောင်ခဲ့ကြသည်။
အဆိုပါ နာဂလက်နက်ကိုင် ၂ ဖွဲ့အနက် NSCN-IM သည် ၁၉၉၇ ခုနှစ်က အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူ၍ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးမူဘောင်တစ်ခုကို အတူတကွ ပူးပေါင်းရေးဆွဲကာ အကောင်အထည်ဖော်လျက်ရှိပြီး NSCN-K ကမူ ၂၀၁၂ ခုနှစ်မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ခဲ့သည်။
