CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄

အိန္ဒိယစစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့များသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ United Base ဧရိယာမှ ULFA-I အဖွဲ့ ပစ်မှတ်အများအပြားကို မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ဇူလိုင် ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် မြန်မာစံတော်ချိန် နံနက် ၁ နာရီမှ နံနက် ၉ နာရီကြားဖြစ်ပြီး၊  မြန်မာနိုင်ငံ Eastern Konyak Area ရှိ ဟိုယတ် (Hoyat ) ကျေးရွာတွင် အခြေစိုက်ထားသည့် ULFA-I အဖွဲ့၏ ကြီးကြပ်ကွပ်ကဲရေးဌာန ချုပ် တိုက်ခိုက်ခံခဲ့ရသည်ဟု မဟာမိတ်အဖွဲ့ NSCN-K/AM မှ ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်သူများသည် အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ အာရွန်နာချယ် ပရာဒေ့ရှ် ပြည်နယ်တို့မှ မောင်းသူမဲ့ လေယာဉ်များ၊ ဒရုန်းများကို အသုံးပြုပြီး ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း ULFA-I မှ ဒုတိယဗိုလ်ချုပ်ကြီး Nayan Asom/Nayan Medhi ၊ ဗိုလ်မှူးချုပ် Lahon/ Ganesh Asom ၊ ဗိုလ်မှူးကြီး Pradip Asom နှင့် အခြား ကေဒါနှစ်ဦးတို့ သေဆုံးခဲ့ကြသည်ဟု NSCN-K/AM မှ ထုတ်ပြန်ခဲ့သည်။

အိန္ဒိယရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ULFA-I ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး Nayan Asom/Nayan Medhi ကို တွေ့ရစဉ်

NSCN-K/AM အဖွဲ့က  “ NSCN-K နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ULFA-I အပါအဝင် ညီနောင်တော်လှန်ရေး အဖွဲ့အစည်းများသည်  မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ NSCN-K ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ  အခြေစိုက်ထား ကြပါတယ်။ NSCN-K ဟာ ဒီ United Base ဧရိယာအတွင်း နေထိုင်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ အနေဖြင့် တရားဝင် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နေပါတယ်။ ကိုယ်ကျိုး စွန့် အနစ်နာခံသွားကြတဲ့ ULFA-I အရာရှိတွေနဲ့ ကေဒါတွေဟာ နာဂတပ်မတော်ရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ပါ တယ်”ဟု ပြောသည်။

NSCN-K/AM သည် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်အန်းမိုင် (Ang Mai) ဦးဆောင်၍ မြန်မာအစိုးရနှင့် တရားဝင် အပစ် အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NSCN-K/AM ၊ ULFA-I ပါဝင်သည့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ၇ ပြည်နယ် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော နာဂ၊ ကသည်း၊ အာသံ၊ ဘိုဒိုလန် စသည့် လက်နက်ကိုင်များသည် United National Liberation Front of Western South East Asia (UNLFWSEA) ဆိုသော နာမည်ဖြင့် မဟာမိတ်ဖွဲ့ထားကြသည်။

WESEA ဒေသ (အိန္ဒိယအရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ နယ်နိမိတ်များ ပါဝင်သည့်ဒေသ) တွင် နေထိုင်သူများသည် မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် အချုပ်အခြာအာဏာကို ကာကွယ်ရာတွင် ယခုကဲ့သို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် စစ်သည်များကို ဆုံးရှုံးခဲ့ရပါသည်ဟု NSCN-K/AM က ထုတ်ပြန်ခဲ့သည်။