CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)သည် အိန္ဒိယနိုင်ငံ၏ ကြီးစိုးမှု၊ ခေါင်းပုံ ဖြတ်မှုနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုတို့အား နာဂလူမျိုးများ၏ စုပေါင်းအင်အားဖြင့် တွန်းလှန်သွားမည်ဟု အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်အတွင်းရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA) အဖွဲ့၏ စခန်းတစ်ခုကို အောက်တိုဘာ ၂၀ ရက်တွင် အိန္ဒိယစစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် NSCN-K/YA အဖွဲ့က ထုတ်ပြန်ကြေညာလာခဲ့ခြင်းဖြစ်သည်။
အိန္ဒိယစစ်တပ်၏ တာဝန်မဲ့သော လုပ်ရပ်သည် နာဂလူမျိုးများ၏ ရန်သူဖြစ်သည်ကို ထင်ရှားစွာ သက်သေပြနေ သည့် တိုက်ခိုက်မှုဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် နယ်မြေချဲ့ထွင်ရေး၊ နိုင်ငံရေးနှင့် အကြမ်းဖက် စိတ်ဓာတ်ကို ဖော်ကျူးခြင်းဖြစ်ကြောင်း NSCN-K/YA မှ ထုတ်ပြန်ထားသည်။
ထို့ပြင် အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်း၊ နာဂတော်လှန်ရေးသမားများအား ခြိမ်းခြောက်ခြင်းသည် ရေရာ သည့်ပန်းတိုင် မဟုတ်ကြောင်း၊ နာဂမျိုးစွယ်စုများအပေါ် အကြမ်းဖက်မှုများ ဆက်လက် ဖော်ဆောင်သွားမည်ဆို လျှင် ၎င်းတို့ အနေနှင့်လည်း တုန့်ပြန်မှု ပြင်းထန်လာမည်ဖြစ်ပြီး ကြီးလေးသော တန်ပြန်သက်ရောက်မှု ပေး ဆောင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
သေဆုံးသွားတဲ့ ဗိုလ်ချုပ်ပီးအောင်ရဲ့ သားကိုတွေ့ရစဉ်
လက်ရှိအချိန်တွင် ဖြစ်ပွားခဲ့သည့် အိန္ဒိယစစ်တပ်၏ ဒရုန်းတိုက်ခတ်မှုသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း၌ ဖြစ်သည့်အတွက် နာဂအရေးဆိုသည်ထက် မြန်မာ့အရေး ပါဝင်လာသည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦး မှ ပြောကြားခဲ့သည်။
ထိုသို့ ဖြစ်လာရခြင်းသည် နယ်စပ်၌ နေရာယူထားသည့် (NSCN-K/YA) ဗိုလ်ချုပ်ပီးအောင်တို့ ဦးစီးသော အဖွဲ့နှင့် အိန္ဒိယစစ်တပ်တို့ စစ်ရေးတင်းမာမှုများကြောင့် နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှု၊ ပစ်ခတ်မှုများ ဖြစ်ရပြီး ယခုလို အခြေအနေထိ ဖြစ်လာရသည်ဟု အမည်မဖော်လိုသည့် နာဂဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲတာကတော့ အရပ်သတင်း ကြားနေရတာကတော့ နယ်စပ်မှာ ဘယ်လိုပြောမလဲ နေရာယူထားတဲ့ ဗိုလ်ချုပ်ပီးအောင်တို့ အဖွဲ့နဲ့က သိပ်ဆက်ဆံရေးတွေ တင်းမာမှုတွေကြောင့် ဖြစ်တယ်လို့ ကြားရတယ်။ တင်းမာ မှုတွေ ရှိတယ်ဆိုတာကတော့ စစ်ရေးအရပေါ့ဗျာ။ စစ်ရေးအရပဲ တင်းမာတာပေါ့။ ဥပမာအားဖြင့် အိန္ဒိယတွေက ဒီဘက် မြန်မာပြည်ဘက်ကို နယ်စပ်တွေမှာ သွားလာတဲ့အခါမှာ NSCN-K အဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ပီးအောင်တို့က သွားရောက် ပစ်ခတ်တာတွေရှိတယ် ဒါမျိုးတွေပေါ့။ ဆိုတော့ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိကြတယ် ပေါ့နော်။ ဒါပေမယ့် အခုက ဒရုန်းနဲ့ ပစ်သွားတယ်ဆိုတာက မြန်မာပြည်ရဲ့ နယ်နိမိတ်တွင်းမှာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဘယ်လို အရေးယူမှုတွေ ရှိလာမလဲဆိုတာကျွန်တော်တို့လည်းမဖတ်ရဘူးပေါ့နော် နာဂအရေးအတွက်ဆိုတာထက် မြန်မာ့အရေးလည်း ပါလာတယ်လေ နှစ်နိုင်ငံ ချစ်ကြည်ရေး ကိစ္စတွေပေါ့နော်။ နယ်စပ်ကျော်ပြီးမှ ဖြစ်တဲ့ကိစ္စတွေကျတော့” ဟု ပြောသည်။
လက်ရှိ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးသည် အင်မတန် ကောင်းမွန်နေသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမည်ဆိုလျှင် ဆိုးဝါးသော အခြေအနေတစ်ရပ် ဖြစ်ပေါ်လာမည် မဟုတ်ဘဲ အဆင်ပြေ သွားနိုင်သည်ဟု မြန်မာ့နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြော သည်။
အိန္ဒိယဒရုန်းနဲ့ NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
၎င်းက “အိန္ဒိယက ဒီလိုလုပ်တယ် ဆိုတာမျိုးထက် ဟိုဟာပေါ့နော်၊ နယ်မြေချဲ့ထွင်တယ်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ဒါကတော့ ဒီဘက် နှစ်နိုင်ငံအစိုးရတွေ သေသေချာချာ ညှိနှိုင်းပြီးတော့မှ ဘာကြောင့် ဘယ်လိုဖြစ်တယ် ဆိုတဲ့ဟာမျိုး လုပ်ရမှာပေါ့လေ။ တစ်ခါတစ်လေ ကျလို့ရှိရင် ကျနော်တို့ ဒီဘက်က ကိုယ့်ဟိုဟာကနေမှ တိုက်ပွဲမှာ အဲလို ချွတ်ချော်ပြီးတော့မှ ချမိတဲ့ဟာမျိုးတွေ ရှိတာပေါ့လေ။ ဆိုတဲ့အခါကျတော့ နယ်မြေချဲ့ထွင်တယ်လို့တော့ ပြောရတော့ ခက်တယ်ပေါ့လေ။ ဒါအစိုးရက ကောင်းကောင်းမွန်မွန် နှစ်နိုင်ငံအပေါ် ချစ်ကြည်ရေးကလည်း အင်မတန် ကောင်းနေတဲ့ တိုင်းပြည်တွေ ဖြစ်တဲ့အခါကျတော့ ဆိုးဆိုးဝါးဝါး ဖြစ်စရာတော့ မရှိပါဘူး။ ဒီအပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီးတော့မှပဲ သွားရင်တော့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
NSCN-K/YA အဖွဲ့သည် အာရုနာချယ် ပရာဒေ့ရှ်ပြည်နယ်၊ ချန်လန်(Changlang)ခရိုင်၊ မန်မာအို(Manmao) အုပ်စု အတွင်းရှိ ဟာ့စ်မန်(Hatman)ကျေးရွာအနီးက အာသံရိုင်ဖယ်(Assam Rifles)စခန်းကို အောက်တိုဘာ ၁၅ ရက်က တိုက်ခိုက်ခဲ့သည်။
NSCN-K/YA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ၄ ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့သည်။
အိန္ဒိယသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ NSCN-K/YA၊ ULFA(I) အဖွဲ့တို့၏ စစ်စခန်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် NSCN-K/YA က အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အိန္ဒိယက NSCN-K/YA ၏ လဟယ်မြို့နယ်အတွင်းက စခန်းတစ်ခုကို အောက်တိုဘာ ၂၀ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
NSCN-K/YA သည် အိန္ဒိယ-မြန်မာ နာဂလူမျိုးများကို စုစည်း၍ လွတ်လပ်သော နာဂပြည်ထောင်စု နယ်မြေကို ထူထောင်ရန် လက်နက်ကိုင်တော်လှန်လျက်ရှိသည်။