CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ လဟယ်မြို့နယ်အတွင်းရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)အဖွဲ့၏ စခန်းတစ်ခုကို အိန္ဒိယက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။

အိန္ဒိယသည် လဟယ်မြို့နယ်၊ ကမ်မော်လောရီကျေးရွာရှိ NSCN-K/YA ၏ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် NSCN-K/YA ၏ အနောက်မြောက်တိုင်းမှူး ဗိုလ်ချုပ်ပီး‌အောင်၏ နေအိမ်ထိမှန်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်ချုပ် ပီးအောင်၏ သားတစ်ဦးနှင့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း၊ ထိုတိုက် ခိုက်မှုကြောင့် ဗိုလ်ချုပ်ပီးအောင်နှင့် ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

NSCN-K/YA အဖွဲ့သည် အာရုနာချယ် ပရာဒေ့ရှ်ပြည်နယ်၊ ချန်လန်(Changlang)ခရိုင်၊ မန်မော်(Manmao) အုပ်စု အတွင်းရှိ ဟာ့စ်မန်(Hatman)ကျေးရွာအနီးက အာသံရိုင်ဖယ်(Assam Rifles)စခန်းကို အောက်တိုဘာ ၁၅ ရက် ရက်က တိုက်ခိုက်ခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်

NSCN-K/YA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ၄ ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့သည်။

အိန္ဒိယသည်  စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ NSCN-K/YA၊ ULFA(I) အဖွဲ့တို့၏ စစ်စခန်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် NSCN-K/YA က အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အိန္ဒိယက NSCN-K/YA ၏ လဟယ်မြို့နယ်အတွင်းက စခန်းတစ်ခုကို အောက်တိုဘာ ၂၀ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

NSCN-K/YA သည် အိန္ဒိယ-မြန်မာ နာဂလူမျိုးများကို စုစည်း၍ လွတ်လပ်သော နာဂပြည်ထောင်စု နယ်မြေကို ထူထောင်ရန် လက်နက်ကိုင်တော်လှန်လျက်ရှိသည်။