CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅

နစကလက်ထက် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ အစိုးရဌာနဆိုင်ရာများနှင့် လက်နက် ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများ အားလုံးသည် ကိုယ်ကျိုးစီးပွားကို ပိုမိုလုပ်ဆောင်လာကြကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ပြောသည်။ 

ဌာနဆိုင်ရာများအနေဖြင့် အာဏာကို အသုံးချကာ အကျိုးစီးပွားအတွက် လုပ်ဆောင်ကြသကဲ့သို့ လက်နက်ကိုင် များ အနေဖြင့်လည်း လက်နက်ကိုင်ဆောင်ကာ အကျိုးစီးပွားအတွက် လုပ်ဆောင်နေကြကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “SAC က အာဏာယူပြီး နောက်ပိုင်းမှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွား လက်နက်ကိုင်တဲ့သူ အားလုံးကိုက ကိုယ်ကျိုးစီးပွားပဲ ရှာနေကြတာ။ လက်နက်ကိုင်က သူတို့ ကိုယ်ကျိုးရှာတာတို့ ဘာတို့ရှိကြပြီဆိုရင် ကျနော်တို့ လွှတ်တော်ကနေမှ အော်နေပါတယ် ပြည်သူ့အသံတွေကို။ လွှတ်တော်ကပြောတဲ့ အခါကြတော့ အရေးယူတာတွေရှိတယ်။ လက်နက်ကိုင်တွေ ဒီလောက်ကြီး ရဲရဲတင်းတင်း မလှုပ်ရဲဘူးပေါ့။ အခုကျနော်တို့ ပြည်သူ့အသံတွေ ပြောမယ့် လွှတ်တော်လည်း မရှိတဲ့အခါကြတော့ အစိုးရနားထဲ ပေါက်အောင် ဗဟိုအစိုးရကို ရောက်အောင် မပြောနိုင်တဲ့အခါကြတော့ အောက်ခြေမှာ လုပ်ချင်တိုင်း လုပ်နေကြ တာပေါ့။ အရပ်သားအစိုးရခေတ်တုန်းက သူတို့ဒီလောက်ကြီး မလုပ်ရဲဘူး။ ဌာနဆိုင်ရာကအစပါ။ ဒီကနေ့ ဌာနဆိုင်ရာတွေကအစ အကုန်လုံး လက်နက်ကိုင်တွေရော တစ်ဖက်က အာဏာနဲ့လုပ်စားတယ်။ တစ်ဖက်ကနေ လက်နက်နဲ့လုပ်စားတာပေါ့။ အဲဒီပုံစံမျိုးလုပ်တဲ့အခါ ပြည်သူမှာ  နင့်နေအောင် ခံနေရတာပေါ့” ဟု ပြောသည်။ 

လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်၌ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲအချို့ကြောင့် ဝန်ထမ်းအချို့သည် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများရှိခဲ့သည့်အတွက် ၎င်းအကျိုးသက်ရောက်မှုကို ယခု နစက လက်ထက်တွင် ပြန်ခံစားလိုက်ရခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ နစက လက်ထက်တွင်လည်း မဲမသမာမှုကိစ္စကို အဓိက ဦးတည်ထားပြီး နိုင်ငံရေးအရ အေးဆေးစွာ ဖြေရှင်း၍ရမည် အထင်ဖြင့် လုပ်ဆောင်လာရာတွင် တစ်ဖက်၌ လျော့ရဲမှုများဖြစ်သွားကာ ယခုအခြေအနေအထိ ရောက်သွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “အဓိက,က စနစ်ပါပဲ။ ဘယ်စနစ်ကို တည်ဆောက်မှာလဲ။ အဲဒီစနစ်ထဲမှာ ပါဝင်ပြီး လှုပ်ရှားမယ့် လူတွေက ဘယ်လို အရည်အချင်းတွေနဲ့ သတ်မှတ်ရမယ်။ အဲဒါကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်ပေါ့။ နိုင်ငံရေးသမားတွေပေါ့။ အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်ရေးယန္တရားပိုင်းက ဒီမိုကရက်တွေ ဒါတွေပေါင်းပြီးတော့ လုပ်သွားမယ်ဆိုရင် ကောင်းမွန်တဲ့ စနစ်ယန္တရားတစ်ခု အဲဒါကို တည်ဆောက်နိုင်မယ်ဆိုရင် ဒါက ပြန်ပြီးတော့ အဆင်ပြေသွားပါလိမ့်မယ်။ သို့သော် တစ်ခုတော့ ရှိတာပေါ့လေ။ တည်ဆောက်တဲ့ နေရာမှာ အကုန်လုံးက ကောင်းမွန်တဲ့ စနစ်တစ်ခု ရောက်အောင်သွားမယ်။ နိုင်ငံအတွက် အဆင်ပြေအောင် ဝိုင်းလုပ်ကြ မယ်ဆိုတဲ့ စိတ်လေးနဲ့ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းပါဝင်ကြဖို့ လိုလိမ့်မယ်။ အဲဒီကြရင်တော့ ပြည်သူလူထုရဲ့ ကူညီမှု အပိုင်းတွေ အများကြီး လိုလာပါလိမ့်မယ်။ အဲဒါတွေ အကုန်စုံသွားပြီဆိုရင်တော့ လက်ရှိ အခြေအနေကနေ ပိုကောင်းတဲ့ အနေထားကို ရောက်သွားပါလိမ့်မယ်” ဟု ပြောသည်။

လေဆိပ်ကိုတွေ့ရစဉ်

နစက လက်ထက်၌ လေဆိပ်တွင် လွယ်ကူချောမွေ့စွာ ပြည်ပထွက်ခွာခွင့်ရရှိရန် အခကြေးငွေပေးရခြင်း၊ နိုင်ငံကူး လက်မှတ် ပြုလုပ်ရာ၌ မြန်ဆန်စွာရရှိစေရန် အခကြေးငွေပေးရခြင်း၊ ဧည့်စာရင်း တိုင်သည့်အခါတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို အခကြေးငွေ ပေးရခြင်း၊ သွင်းကုန်ပို့ကုန် လုပ်ငန်းများ အဆင်ပြေစေရေး စောင့်ရှောက်ပေးရန် နှင့် ခွင့်ပြုပေးရန်အတွက် ဂါရဝပြုမှုများလုပ်ရခြင်းတို့ရှိလာသည်။

အလားတူ အခြားဌာနဆိုင်ရာများနှင့် ဆောင်ရွက်ရာတွင်လည်း အခကြေးငွေ ပေးရခြင်းကိစ္စများ ပိုမိုများပြားလာ သည်။

ထို့ပြင် လက်နက်ကိုင်အင်အားစုများမှာ ယခင်ထက် ပိုမိုပေါများလာသည့်အပြင် ၎င်းတို့တပ်စွဲရာ ဒေသများ၌ အခွန်ကောက်ခံမှု အပါအဝင် ဒေသတွင်းရှိ သံယဇာတများ တူးဖော်ခွင့်ပြုခြင်း၊ သတ္တုတွင်းများ တူးဖော်ခြင်း၊ လက်နက်ရောင်းချခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းအပြင် အခြားသော အကျိုးစီးပွားများကိုလည်း တွင်ကျယ်စွာ လုပ်ဆောင်လာနေကြသည်။