CNI International News

ဘန်ကောက်၊ ဇွန်လ ၁၉

ဖြူးထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန် တွန်းအားပေး လုပ်ဆောင်နေပြီး ဘူဂျထိုင်း ပါတီသည် အတိုက်အခံဖြစ်လာနိုင်သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

သို့သော် ဖြူးထိုင်းပါတီက ပြည်ထဲရေးဝန်ကြီးရာထူးကို လွှဲပြောင်းပေးရန် ပြောကြားခဲ့ပြီးနောက် ၎င်းအတွက် ဝန်ကြီးဌာန ၂ နေရာပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ဘူဂျထိုင်းပါတီကမူ အလျှော့ပေးမည့်ပုံ မပေါ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနကို ဖြူးထိုင်းပါတီက လွှဲပြောင်းရယူသွား မည်ဆိုပါက အတိုက်အခံပါတီအဖြစ် ရပ်တည်ရန် အသင့်ပြင်ထားသည်။

ဖြူးထိုင်းပါတီကမူ ပြည်ထဲရေးဝန်ကြီးဌာန နေရာကို ပြန်လည်ရယူရန် ပြင်ဆင်နေသဖြင့် ဖြူးထိုင်းနှင့် ဘူဂျထိုင်း ပါတီကြား နိုင်ငံရေးတင်းမာမှု အရှိန်သည် ပေါက်ကွဲထွက်တော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

လက်ရှိတွင် ညွန့်ပေါင်းအစိုးရအဖွဲ့နှင့်ပတ်သက်ပြီး ဆိုးရွားသည့် အခြေအနေမှ ကယ်တင်ရန် ဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) အပေါ်တွင် မူတည်လာကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ဘူဂျထိုင်းပါတီ ခေါင်းဆောင် အနူတင်ကို တွေ့ရစဉ်

ဇွန်လ ၁၆ ရက်က ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဖြစ်သည့် အနူတင် ချန်ဗီရာကူလ် (Anutin Charnviraku) တို့ကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် မူဝါဒ များကို မြင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုအတွင်း ဘူဂျထိုင်းပါတီခေါင်းဆောင် အနူတင်က ယခင် သဘောတူညီချက်ဖြစ်သည့် ပြည်ထဲရေး ဝန်ကြီးဌာနကို ဘူဂျထိုင်းပါတီ၏ ထိန်းချုပ်မှု အောက်တွင်သာထားရှိရန် ထပ်မံ အတည်ပြုခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၁၇ ရက်တွင် အနူတင်က ပြည်ထဲရေးဝန်ကြီးဌာနသည် ဘူဂျထိုင်းပါတီ၏ ထိန်းချုပ်မှုအောက်၌  မရှိတော့ ပါက ဘူဂျထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရမှ ထွက်ခွာမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။

ပေတုန်တန်ကမူ ပြည်ထဲရေးဝန်ကြီးဌာနကို ဖြူးထိုင်းပါတီ လက်အောက်တွင် ပြန်လည်ထားရှိမည့် အကြောင်းကို ရှင်းလင်းသည့် အရိပ်လက္ခဏာပြသခဲ့ပြီး  ဘူဂျထိုင်းပါတီကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံး တို့တွင် နေရာပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းချက်ကို ဇွန်လ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်တွင် တုံ့ပြန်ရန် ဖြူးထိုင်းပါတီက အချိန်ပေးထားကြောင်း သတင်း၌ ဖော်ပြခဲ့သည်။

Source: The Nation