CNI International News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇

အစ္စရေး၏ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရသော အီရန်နိုင်ငံ၊ တီဟီရန်မှာ နေထိုင်ကြသူများအားလုံး ဘေးလွတ်ရာသို့ ထွက်ခွာကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား ၍ သတိပေးခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်က “အီရန်အနေနဲ့ သဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့သင့်တယ်။ လက်မှတ်ထိုးဖို့လည်း ကျနော် သူတို့ကို ပြောခဲ့ပါ တယ်။ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလဲ။ လူ့အသက်တွေလည်း ဆုံးရှုံးနေတယ်။ အရင်က ပြောခဲ့သလိုပါပဲ။ အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်လို့ မရနိုင်ပါဘူး။ ကျနော် ဒါကို ထပ်ခါ တလဲလဲ ပြောခဲ့ပါတယ်။ တီဟီရန်မှာ နေထိုင်တဲ့လူတွေအားလုံး ဘေးလွတ်ရာရွှေ့ပြောင်းသင့်ပါတယ်”ဟု ပြော သည်။

အစ္စရေးသည် အီရန်နိုင်ငံကို ဇွန်လ ၁၂ ရက်က စတင်၍ ဒုံးကျည်များ ပစ်လွှတ်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် အီရန် စစ်ဗိုလ်ချုပ်ကြီး ၃ ဦးသေဆုံးခဲ့သည်။

တီဟီရန်က ထွက်ခွာကြဖို့ သမ္မတထရမ့် ပြောတဲ့စာကို တွေ့ရစဉ်

ထို့နောက် အစ္စရေးသည် အီရန်နိုင်ငံပိုင် သတင်းဌာနကိုလည်း ဇွန်လ ၁၆ ရက်က တိုက်ခိုက်ခဲ့သလို အီရန်ဘာသာ ရေး ခေါင်းဆောင် ခါမေလီကိုလည်း သတ်ဖြတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ အစီအစဉ် တင်ပြခဲ့ သည်။

အဆိုပါ အခြေအနေများကြား အီရန်ဘက်ကလည်း အစ္စရေးနိုင်ငံကို ဒရုန်း အစင်း ၁၀၀ ကျော်ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။

အစ္စရေးနှင့်အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကို ရပ်တန့်ရန်နှင့် ဆွေးနွေးကြရန် G-7 ခေါင်းဆောင်များက တိုက်တွန်းလျက်ရှိသည်။ 

အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲအရှိန် မြင့်တက်လာသည့်အတွက် အစ္စရေးနိုင်ငံအတွင်းမှာရှိသည့် တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် အစ္စရေးနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ကြေညာထားသည်။