CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၄
အမေရိကန်နှင့် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အမြဲတမ်း ပြန်လည်ဖွင့်လှစ်ရန်နှင့် အရှေ့အလယ်ပိုင်း ဒေသ၏ ရေနံစီးဆင်းမှုကို ပြန်လည်စတင်ရန် ဆွေးနွေးနေကြချိန်တွင် ရေနံစျေးကွက်၏ အနာဂတ်သည် တရုတ်နိုင်ငံအပေါ်တွင်သာ မူတည်နေလိမ့်မည်ဟု CNN မှ ဖော်ပြခဲ့သည်။
ကမ္ဘာပေါ်တွင် ဒုတိယမြောက် ရေနံစိမ်း သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အီရန်ပဋိပက္ခကြောင့် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၁ သန်းကျော် ရရှိနိုင်မည့် အခွင့်အလမ်းများ ပြတ်တောက်သွားခဲ့ရပြီးနောက်၊ ရေနံများကို ထိန်းသိမ်းရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သည်။
ပြည်ပမှ ရေနံတင်သွင်းမှုများကို လျှော့ချခြင်း၊ သိုလှောင်ထားသော ရေနံအမြောက်အမြားကို အသုံးပြုခြင်းနှင့် သန့်စင်သောစွမ်းအင်ကို ပိုမို အသုံးပြုခြင်းဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်း၌ မြင့်တက်နေသော ရေနံဈေးနှုန်းများ ၏ သက်ရောက်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ခဲ့သည်။

ဟော်မုခ်ရေလက်ကြားကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ တရုတ်၏ ထိုလုပ်ဆောင်ချက်များသည် ကမ္ဘာ့စျေးကွက် အပေါ်တွင်လည်း သက်ရောက်မှု ရှိခဲ့သည်။
အီရန်စ-စ်ပွဲ သုံးလကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် လေ့လာဆန်းစစ်သူအချို့က ယခုနှစ်အတွင်း ရေနံဈေးနှုန်းများ သည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ အထိ မြင့်တက်သွားနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။
သို့သော် ရေနံထောက်ပံ့ရေး ကွင်းဆက်တွင် ရေနံစည် စုစုပေါင်း ၁ ဘီလျံကျော်အထိ ရပ်တန့်သွားခဲ့သည့်တိုင် ရေနံစိမ်း ဈေးနှုန်းများသည် သိသိသာသာ တက်ရိပ်မပြဘဲ ငြိမ်သက်နေခဲ့ကြောင်း၊ ထိုကဲ့သို့ စျေးနှုန်းငြိမ်သက်မှု သည် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များက အဓိက အကြောင်းရင်းဖြစ်ကြောင်း လေ့လာသူများက ထောက်ပြခဲ့ သည်။
“တရုတ်နိုင်ငံဟာ ကျန်တဲ့ အာရှဒေသတွေအတွက် ရေနံပြတ်လပ်မှုဒဏ်ကို ကြားခံတစ်ခုအဖြစ် ကာကွယ်ပေးတဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့စီးပွားရေးကိုပါ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့တာပါ”ဟု Ember စွမ်းအင်သုတေသနအဖွဲ့မှ တာဝန်ခံ ဒန် ဝေါ်လ်တာ (Daan Walter) က ပြောကြားခဲ့သည်။

ရေနံစိမ်း အညွှန်းကိန်းကို ဖော်ပြထားစဉ်
ကမ္ဘာ့ရေနံ စုစုပေါင်း၏ ၅ ပုံ ၁ ပုံ ဖြတ်သန်းစီးဆင်းသည့် ဟော်မုဇ်ရေလက်ကြားသည် မကြာမီ ပုံမှန်ကုန်သွယ်မှု ပြန်လည် စတင်နိုင်တော့မည်ဆိုသည့် မျှော်လင့်ချက်များကြောင့် ဇွန်လ ၂၂ ရက်တွင် ကမ္ဘာ့စံပြရေနံ ညွှန်းကိန်း ဖြစ်သည့် Brent ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၇၈ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့သည်။
Brent ရေနံစိမ်းသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ပဋိပက္ခမဖြစ်ပွားမီက တစ်စည်လျှင် ဒေါ်လာ ၇၀ အောက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မေလ အစောပိုင်းတွင် ၄ နှစ်တာအတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည့် ၁၁၄ ဒေါ်လာအထိ ရောက်ရှိသွားခဲ့သည်။
ကမ္ဘာ့စွမ်းအင်ကဏ္ဍအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးနိုင်စွမ်း ပိုမို ကြီးထွားလာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ မူဝါဒနှင့် သုံးစွဲမှု ပုံစံများသည် စွမ်းအင်စျေးကွက်အတွက် အလွန် အရေးပါလိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
Source: CNN
