CNI International News
အမ်မန်၊ ဒီဇင်ဘာ ၄
ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားနိုင်ငံ၊ အလက်ပို (Aleppo) မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သူပုန်များကို တိုက်ခိုက်နေသည့် ဆီးရီးယားအစိုးရတပ်များအား စစ်ကူပေးရန် ရာနှင့်ချီသည့် အီရတ်တိုက်ခိုက်ရေးသမားများ သည် ဒီဇင်ဘာ ၂ ရက်တွင် ဆီးရီးယားနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဒေသတွင်း ပြည်သူ့စစ်များသည် ရုရှား၏ လေကြောင်းပစ်ကူ အထောက်အပံ့ကိုရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်က ဆီးရီးယားသမ္မတ အာဆတ် (Bashar al-Assad) ကို ဆန့်ကျင်သော သူပုန်များအား တိုက်ခိုက်ရန် ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် အောင်မြင်စွာ ပေါင်းစပ်ညှိနှိုင်း၍ တိုက်ခိုက်ခဲ့ဖူး သည်။
သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းကို သူပုန်များက လျင်မြန်စွာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရုရှားကလည်း ယူကရိန်းစစ်ပွဲကို အာရုံစိုက်နေသဖြင့် ဒေသတွင်း မဟာမိတ် ပြည်သူ့စစ် များသည် စိန်ခေါ်မှု အသစ်နှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူခဲ့သည့် ဟစ်ဇ်ဘိုလာ အဖွဲ့သည်လည်း စစ်ပန်းနေသဖြင့် ဆီးရီးယားအရေးကို ဝင်ရောက် ပါဝင်ခြင်း မရှိသေးပေ။
အီရတ်၏ Badr နှင့် Nujabaa ပြည်သူ့စစ်များမှ အများဆုံး ပါဝင်သည့် တိုက်ခိုက်ရေးသမား ၃၀၀ ခန့်သည် ဒီဇင်ဘာ ၁ ရက်တွင် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း အီရတ်လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဆီးရီးယား လေဆိပ်ကို တွေ့ရစဉ်
အလက်ပိုမြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းသည် သမ္မတအာဆတ်ကို ဆန့်ကျင်သည့် သူပုန်များအတွက် နှစ်အနည်းငယ်အတွင်း အကြီးမားဆုံး အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် ၂၀၁၆ ခုနှစ်က ဆီးရီးယား၏ အကြီးဆုံးမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင် ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် ပြန်လည် လက်လွတ်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားတွင် အီရန်က ကျောထောက်နောက်ခံ ပြုထားသည့် အီရတ်ပြည်သူ့စစ်များ ဖြန့်ကြက်ချထားသော သတင်းကို အီရတ်နှင့် ဆီးရီးယား သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အီရန်အနေဖြင့် ဆီးရီးယားကို လိုအပ်သည့် အကူအညီများ ထောက်ပံ့ ပေးမည်ဖြစ်ပြီး ဆီးရီးယား အစိုးရတပ်ဖွဲ့များကို ကူညီပေးမည့် တိုက်ခိုက်ရေးအဖွဲ့များ ရောက်ရှိလာလိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ