CNI International News

အမ်မန်၊ ဒီဇင်ဘာ ၅

ဆီးရီးယားသူပုန်များသည် ဒီဇင်ဘာ ၃ ရက်တွင် အစိုးရတပ်ဖွဲ့များကို ဟာမာ (Hama) မြို့အနီးသို့ ဆုတ်ခွာစေ သည်အထိ ထိုးစစ်ဆင် တိုက်ခိုက်ချီတက်လာခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (SOHR) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

သူပုန်များသည် ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားသမ္မတ အာဆတ် (Bashar al-Assad) ကို တုန်လှုပ် သွားစေခဲ့သည့် အလက်ပို (Aleppo) မြို့သိမ်း တိုက်ပွဲအပြီးတွင် ဆက်လက် ချီတက်လာခြင်းဖြစ်သည်။

သူပုန်များသည် ဟာမာမြို့မြောက်ဘက် မိုင်အနည်းငယ်သာ ကွာဝေးသည့် မာအာ ရှာဟာ (Maar Shahur) ကျေးရွာ အပါအဝင် ကျေးရွာအချို့ကို သိမ်းပိုက်ခဲ့ကြောင်း SOHR က ပြောသည်။

ဆီးရီးယားနိုင်ငံပိုင် မီဒီယာကမူ ထိုနေရာဒေသသို့ စစ်ကူများ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်းက မြို့ပျက်ကြီးကို တွေ့ရစဉ်

သူပုန်များသည် ဟာမာမြို့ကို တိုက်ခိုက်မည်ဆိုပါက ရုရှားနှင့် အီရန်၏ မဟာမိတ်များအပေါ် မှီခိုနေရသည့် ဆီးရီးယားသမ္မတ အာဆတ်အတွက် ကြီးမားသည့် ဖိအားတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဟာမာမြို့သည် ၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ဆီးရီးယားပြည်တွင်းစစ် စတင်ချိန်ကတည်းက အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည့်မြို့ဖြစ်သည်။

ဆီးရီးယားအနေဖြင့် စစ်ရေးအကူအညီ တောင်းဆိုပါက အီရန်က စစ်သားများ စေလွှတ်ပေးရန် စဉ်းစားလိမ့်မည် ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araqchi) က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) ကလည်း ဆီးရီးယားတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်ဟု RIA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အီရတ်ဝန်ကြီးချုပ် ရှီယာအယ်ဆူဒါနီ (Shia al-Sudani) ကလည်း ဆီးရီးယားအရေးကို ရပ်ကြည့်နေမည် မဟုတ် ကြောင်း ပြောကြားခဲ့သလို ဆီးရီးယားအစိုးရ တပ်ဖွဲ့များအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ဝေဖန်ပြစ်တင်ခဲ့ သည်။

Source: ရိုက်တာ