CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄

ICC ၏ ရှေ့နေချုပ် ကာရင်အေအေခန်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC မှ ဖမ်းဝရမ်း ထုတ်ရန် လျှောက်ထားချက်သည် အာဏာကို ဆက်လက်ဆုပ်ကိုင် ထားရေးအတွက် တွန်းအားဖြစ်စေသလား ဆိုကာ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။ 

ဘင်္ဂါလီများအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ICC ၏ ရှေ့နေချုပ် ကာရင်အေအေခန်(Karim Khan)က နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အာဏာကို ဆက်လက် ဆုပ်ကိုင်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၏ရှေ့နေချုပ် Karim Khan ကိုတွေ့ရစဥ်

၎င်းက “ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရှင် အာဏာဆိုတာ မက်မောစရာ ကောင်းတာကိုးဗျ၊ အဲတော့ ဒီဟာတွက် သူက သိက္ခာကျခံ၊ စွပ်စွဲခံပြီးတော့ လုပ်နေတဲ့အခါမှာ အခုလုပ်နေတဲ့ ဖိအားတွေကြောင့် ပိုပြီးတော့ ဖက်တွယ်လာ နိုင်သလား၊ ဘာလားဆိုတာကတော့ ကျနော် နားလည်ချက်ကတော့ ဒီအာဏာကို ဖက်တွယ်ထားမှာပဲ နောက်ဆုံး ချိန်ထိ သေတဲ့ချိန်ထိ သူကြိုးစင် မတက်ရမချင်း သူတော့ ဆုပ်ကိုင်ထားမှာပဲလို့ ကျနော်တော့ နားလည်တယ်။ သူကလည်းသေတဲ့ထိ ဖက်တွယ်သွားမှာပဲ၊ ကျနော်တို့ကလည်း သူ့ကိုဆွဲချနိုင်ဖို့အတွက် မသေမချင်း ကြိုးပမ်းသွား မှာပါပဲ၊ အဲဒီအဓိပ္ပါယ်ပါပဲ၊ အဲဒီအပေါ်မှာ ကျနော်တို့ ပြည်သူလူထု သဘောထားကတော့ မင်းအောင်လှိုင် ပြုတ် အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဘက်ပေါင်းစုံက စဥ်းစားပြီးတော့ ကျနော်တို့က လုပ်မှာပဲ။ ခုနကလို သူ့ဟာ သူ ယူနီဖောင်းပြောင်းပြောင်း၊ တရုတ်က ‌ထောက်ခံတာ၊ မထောက်ခံတာ အရေးမကြီးဘူးတော့ မဟုတ်ဘူးပေါ့ ဗျာ၊ ဒါတွေကို ထည့်ပြီးတော့ စဥ်းစားမနေဘူးလို့  ကျနော်တို့ ဆိုလိုတဲ့ သဘောပါဗျ” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သလို ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ် ပြုခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးတွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကာ နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိကြောင်း နစက-က ထုတ်ပြန် ပြောကြားခဲ့သည်။

ICC မှ ဖမ်းဝရမ်း ထုတ်သည်၊ မထုတ်သည်ထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်သွားနိုင်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ICC တရားသူကြီးများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “သူ့ဘက်ကတော့ ကျမ ကြည့်တယ်လေ၊ ICC က ထုတ်ထုတ် မထုတ်ထုတ် တအားဖိအားပေးဖို့ပဲ၊ သူ့မှာ အဲလမ်းကလွဲလို့ တခြားမရှိဘူး။ သူတို့သွားမဲ့လမ်းက တစ်ခုက ပြည်သူလူထုကို ပိုပြီးတော့ ဖိအားပေးဖို့ပေါ့နော်၊ အကြမ်းဖက်တဲ့ နည်းတွေပေါ့၊ လူတွေသတ်မယ်၊ မီးရှို့မယ်၊ ဗုံးကြဲမယ်၊ နောက်တစ်ခုက သူတို့ အခုလုပ်တာကလေ ထိုင်းနယ်စပ်ပြဿနာ၊ တရုတ်နဲ့ပြဿနာ ဒါမျိုးတွေပေါ့နော်၊ အမျိုးသားရေးတွေ၊ လူမျိုးရေးတွေ၊ အဲတာမျိုးတွေ အဓိကရုဏ်းတွေ ဖန်တီးဖို့လည်း သူတို့ကြိုးစားနေတယ်ဗျ။ နောက်ပြီးတော့ ကျမတို့ တော်လှန်ရေးအဖွဲ့တွေ ကြားထဲမှာ အကွဲကွဲအပြဲပြဲတွေ ဖြစ်အောင်လုပ်နေတယ်ဗျ။ သူကတော့ ဒီလမ်းပဲရှိတယ် တခြားလမ်းမရှိဘူး။ အဲတော့ ဆက်လုပ်မှာပါ၊ ဟုတ်တယ် ခင်ဗျားတို့ထင်တာ မှန်ပါတယ်၊ ဆက်လုပ်မှာပါ။ အဲတော့သူက ဒီ Do or die ပဲလေ၊ အဲတော့ သူလုပ်မှာပဲ၊ သူ့အတွက်က တခြားလမ်းမရှိဘူး” ဟု ပြောသည်။ 

တချို့သော နိုင်ငံရေးအကဲခတ်များကတော့ နိုင်ငံတကာနှင့် ICC ၏ ဖိအားပေးမှုများက ကာယကံရှင်အပေါ် လုံခြုံရေး အာမခံချက်ရှိဖို့လိုအပ်သည်ဟု သတိပေးကဲ့သို့ ဖြစ်စေပြီး အရပ်ဖက် အာဏာဖြစ်စေ စစ်ဘက်အာဏာ ဖြစ်စေ ဆက်လက် ဆုပ်ကိုင်ထားမှရမည်ဟု ယုံကြည်သွားစေနိုင်ကြောင်း ထောက်ပြကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။