CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂
နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)၏ ရှေ့နေချုပ် ကာရင်အေအေခန်(Karim Khan)က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားချက်သည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိနိုင်ဟု မြန်မာ့အရေး လေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။
ဘင်္ဂါလီများအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ICC ၏ ရှေ့နေချုပ် ကာရင်အေအေခန်(Karim Khan)က နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ICC ၏ အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်သလို လက်မှတ်လည်း မထိုးထားသောကြောင့် ICC ၏ လုပ်ဆောင်ချက်များသည် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၏ရှေ့နေချုပ် Karim Khan ကိုတွေ့ရစဥ်
၎င်းက “မြန်မာပြည် နံပါတ် ၁ က ICC နိုင်ငံမဟုတ်ဘူး၊ သူက ICC နဲ့ပတ်သက်တဲ့ လက်မှတ်လည်း ထိုးမထားဘူး၊ အဲတော့ အဲတာကို နည်းနည်းပြန်ကြည့် လိုက်တဲ့အခါမှာ အာဆီယံ ဒေသတွင်းမှာလည်း ICC လက်မှတ်ထိုးတာဆို လို့ ကမ္ဘောဒီးယားနဲ့ တီမောလက်စတီ ၂ နိုင်ငံပဲ ရှိတယ်၊ ပြန်လေ့လာလိုက်တဲ့ အခါကျတော့။ အဲတော့ အဲဒီနိုင်ငံ တွေကလည်း သူတို့မှာရှိခဲ့တဲ့ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး သမိုင်းကြောင်းတွေအရ လိုအပ်လို့သာ ထိုးထားကြတာ၊ ဒါပေမယ့် အဲဒီနိုင်ငံတွေ အနေနဲ့လည်း ဒါနဲ့ပတ်သက်တဲ့ ထူးခြားတဲ့လှုပ်ရှားမှုအပိုင်း သူတို့မှာလည်း မရှိကြဘူး။ အထူးသဖြင့်ပေါ့ သမိုင်းကြောင်းမတူတဲ့ နိုင်ငံတွေ ဖြတ်သန်းခဲ့ရတဲ့ အနေအထား မတူတဲ့နိုင်ငံတွေ ကြားထဲမှာ ဒီ ICC ရဲ့လုပ်ငန်းစဥ်က တချို့နိုင်ငံတွေအတွက် အဆင်ပြေကောင်း ပြေလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံတိုင်းအတွက် အဆင်ပြေဖို့ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံလိုမျိုး သမိုင်းကြောင်း နည်းနည်းလေး ရှုပ်ထွေးတယ်၊ ပြီးတော့ မြေပြင် အခြေအနေမှာလည်း တော်တော်လေး ရှုပ်ထွေးမှုတွေများတဲ့ နိုင်ငံတွေမှာလည်း တော်တော်လေး ရှုပ်ထွေးမှုတွေ များတဲ့ နိုင်ငံတွေ အတွက်ကတော့ ICC နဲ့ပတ်သက်တဲ့ ကိစ္စရပ်က ကိုယ့်ဘက်ကတော့ အလုပ်ရှုပ်တာ သီးသန့် တစ်ခုလောက်ပဲ ဖြစ်လိမ့်မယ်။ အဲတော့ မြန်မာနိုင်ငံအနေနဲ့ လက်မှတ်လည်း ထိုးမထားဘူး၊ အဖွဲ့ဝင်အနေနဲ့လည်း ဖြစ်မထားတဲ့အတွက်ကြောင့် သူ့ဘာသူ ဘယ်လိုပဲ အပြင်က သူတို့ ဘယ်လိုပဲ လုပ်ဆောင်ချက်တွေ လုပ်နေပါစေ ဘာသက်ရောက်မှုမှတော့ မြန်မာနိုင်ငံပေါ်မှာ ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးတွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကာ နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိကြောင်း နစက-က ပြောကြားခဲ့သည်။
နစကအနေဖြင့် နိုင်ငံရေးအရ ဂုဏ်သိက္ခာ ထိခိုက်ရုံသာရှိပြီး ထိုလျှောက်ထားချက်သည် ထိရောက်မှု မရှိနိုင် ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြော သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဥ်
၎င်းက “မရှိနိုင်ပါဘူးဗျ၊ ဒီ ICC က ထုတ်တာလည်းပဲ များလည်းများလှနေပါပြီ။ နိုင်ငံရေးအရ ဂုဏ်သိက္ခာအရ မင်းအောင်လှိုင် ပဲ့သွားတာကလွဲလို့ တကယ့်တကယ်ဘာမှ မထိရောက်ပါဘူး၊ ပြည်သူလူထုဘက်ကတော့ အားတက်စရာပေါ့ဗျာ၊ ကိုယ့်ကိုနှိပ်စက်ချင်တိုင်း နှိပ်စက်နေတဲ့ စစ်အာဏာရှင် တစ်ယောက်ကို ICC က ဖမ်းဝရမ်း ထုတ်ဖို့ လျှောက်ထားလိုက်တယ်ဆိုတော့ ဝါဒဖြန့်ချီရေးအတွက်တော့ စိတ်အားတက်စရာ ဖြစ်ပေမယ့် တကယ့် အခိုင်အမာတွေကျတော့ ဘာမှဒီလောက်ထူးခြားတာ မဟုတ်ပါဘူး။ ခင်ဗျား ICC ထုတ်ဖူးပေါင်းလည်း များနေပြီပဲ၊ ဘာမှ သိပ်ထူးထူးခြားခြား ဖြေရှင်းနိုင်တာမှ မဟုတ်ပဲ၊ ပြည်သူလူထုတွက်ကတော့ အားတက်စရာပေါ့ဗျာ၊ ဒီလောက်ပါပဲ။ မထိရောက်ပါဘူး” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ်၏ လျှောက်ထား ချက်ကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က နိုဝင်ဘာလ ၃၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံကတော့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC) အနေဖြင့် ၎င်း၏ ဥပဒေများအရ အဖွဲ့ဝင်နိုင်ငံ မဟုတ်သော နိုင်ငံတစ်ခုမှ နိုင်ငံသားများက အခြားအဖွဲ့ဝင်နိုင်ငံ မဟုတ်သော ပိုင်နက်တစ်ခုအပေါ် ကျူးလွန် သည့် လုပ်ရပ်အတွက် တရားစီရင်ပိုင်ခွင့်မရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က နိုဝင်ဘာ ၂၈ ရက် ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။