CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂
အမေရိကန်တွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာမှုနှင့်အတူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) နှင့် နောက်တစ်ကြိမ် တွေ့ဆုံဖွယ်ရှိကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထရမ့်နှင့် ကင်မ်တို့သည် ၂၀၁၈ ခုနှစ်က သမိုင်းဝင် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အမေရိကန်-မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး အနာဂတ်အပေါ် ထင်ကြေးပေးမှုများ မြင့်တက်စေခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်က ထရမ့်၏ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် အမည်စာရင်း တင်သွင်း ခံခဲ့ရသည့် အဲလက်စ် ဝေါင် (Alex Wong) သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် မိမိတို့၏ ဆွေးနွေးပွဲ ဖြစ်မြောက်စေရန် ကူညီပေးခဲ့သူဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ဝေါင်သည် ထရမ့်၏ ပထမသက်တမ်းအတွင်း လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် မဟာဗျူဟာကို အကောင်အထည်ဖော်သည့် အားထုတ်ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်
ထို့ပြင် သူသည် မြောက်ကိုရီးယားနှင့် နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲများတွင် ထရမ့်နှင့်အတူ ရှေ့တန်း နေရာမှ ပါဝင်ခဲ့သူဖြစ်သည်။
ဝေါင်၏ အားထုတ်ကြိုးပမ်းမှုဖြင့် ၂၀၁၈ ခုနှစ်က စင်္ကာပူနိုင်ငံတွင် ပထမဆုံး ထရမ့်-ကင်မ် ဆွေးနွေးပွဲ ဖြစ်မြောက် ခဲ့သလို ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်၌ ဒုတိယမြောက် ဆွေးနွေးပွဲအတွက် ပြင်ဆင်ပေးခဲ့ သည်။
ဝေါင်သည် ထရမ့်နှင့် အနီးကပ် ဆက်ဆံရေးများရှိသဖြင့် ၎င်း၏ ကြားဝင်စေ့စပ်မှုဖြင့် အမေရိကန်သည် မြောက်ကိုရီးယားနှင့် နောက်တစ်ကြိမ် ထိတွေ့ဆက်ဆံရန် အသင့်ရှိနေဖွယ်ရှိကြောင်း နယူးယောက်မြို့ရှိ The Korea Society အဖွဲ့မှ မူဝါဒရေရာညွှန်ကြားရေးမှူး ဂျိုနသတ် ကော်ရာဒို (Jonathan Corrado) က ပြောကြား ခဲ့သည်။
သို့သော် မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၏ တောင်းဆိုချက်အားလုံးကို လိုက်လျောလိမ့်မည် မဟုတ်ဘဲ ယခင် မူဝါဒအတိုင်း ဆက်လက် ကျင့်သုံးဖွယ်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။
Source: South China Morning Post