CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉

မြန်မာပြည်ကို မည်ကဲ့သို့သော ဖက်ဒရယ်ပုံစံဖြင့် တည်ဆောက်မလဲဆိုသည်ကို နိုင်ငံရေးအဖွဲ့အစည်း အပါအဝင် တိုင်းရင်းသား အင်အားစုများနှင့် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဆွေး‌နွေး ငြင်းခုံနေကြသည်။

ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကို မတူညီသော ပုံစံမျိုးဖြင့် ကျင့်သုံးလျက်ရှိနေကြောင်း၊ မြန်မာနိုင်ငံကို အိန္ဒိယက ကျင့်သုံးနေသည့် ဖက်ဒရယ်စနစ်ဖြင့် သွားမည်ဆိုပါက လွယ်ကူမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ် သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“ကိုက်ညီမှု ရှိလားဆိုတော့ အခု ၂၀၀၈ အခြေခံဥပဒေက အဲဒီ အိန္ဒိယအခြေခံဥပဒေနဲ့ အိန္ဒိယက ကျင့်သုံးနေတဲ့ စနစ်နဲ့ အများဆုံး တူတယ်လို့ ပြောရမှာပေါ့၊ သူက ဖက်ဒရယ်စနစ်မှာ ၃ မျိုးရှိတယ်၊ ဒေသ၊ ပထဝီကို အခြေခံတဲ့ ယူနစ်တွေရဲ့ နာမည်ပေါ့၊ ယူနစ်တွေ ပါဝင်တဲ့ ဒေသ၊ ပထဝီကို အခြေခံတဲ့ အမျိုးအစားရယ်၊ နောက်တစ်ခါ တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ethnic ဖက်ဒရယ်မော်ဒယ်ပေါ့နော်၊ အဲဒါရယ် နောက်တစ်ခါ ပေါင်းစပ် ထားတဲ့ စနစ်ရယ်၊ ဆိုတော့ အခုအိန္ဒိယက ပေါင်းစပ်ထားတဲ့ စနစ်ပေါ့၊ တချို့ ပြည်နယ်တွေက လူမျိုးနာမည်ကို ကိုယ်စားပြုတယ်၊ တချို့နာမည်တွေက ဒေသ၊ ပထဝီဒေသန္တရ နာမည်ကိုပဲ ကိုယ်စားပြုတာ၊ ဆိုတော့ မြန်မာက ၂၀၀၈ အခြေခံဥပဒေကလည်း အဲဒီပုံစံဖြစ်နေတယ်၊ တချို့ပြည်နယ်တွေက တိုင်းရင်းသား လူမျိုးနာမည်ကို ကိုယ်စားပြုပြီးတော့ တချို့ တိုင်းဒေသကြီးတွေကတော့ တချို့ယူနစ်တွေဖြစ်တဲ့ တိုင်းဒေသကြီးတွေကကြတော့ ကျနော်တို့ ပထဝီဒေသနာမည်ကို ကိုယ်စားပြုတာပေါ့၊ ဆိုတော့ အိန္ဒိယနဲ့ တော်တော်လေး နီးစပ်နေတော့ ပြင်မယ် ဆိုလို့ရှိရင်လည်း အိန္ဒိယပုံစံရောက်အောင် ပြင်မယ်ဆိုလို့ရှိရင် လွယ်မှာပေါ့ဗျာ၊သိပ်ပြီးတော့ အခက်အခဲမရှိဘူးပေါ့၊ အဲဒီလိုပြောလို့ ရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နှင့် ၈ ရက်နေ့များက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့၊ နစက ကိုယ်စားလှယ် များ၊ အိန္ဒိယအစိုးရတို့ ပူးပေါင်း၍ အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသည့် ဖက်ဒရယ်စနစ်အပေါ် လေ့လာဆွေးနွေးရေး ဖက်ဒရယ်ရေးရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့သေးသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က အိန္ဒိယဖက်ဒရယ်အရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်

အနာဂတ် တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားများအား လုပ်ပိုင်ခွင့် များများ ပေးထားသင့်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ နိုင်ငံကတော့ ဖက်ဒရယ်ဆိုရင်တော့ ဗဟိုအစိုးရအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တကယ် တမ်း အရေးကြီးတဲ့ ကဏ္ဍလောက်ပဲ ယူပြီးမှ ကျန်တာတော့ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ တိုင်း‌ဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေကို များများပေးတဲ့ အဲဒီလိုမျိုး ဖက်ဒရယ်စနစ် ဖြစ်နိုင်ရင်‌တော့ ကျနော်တို့ တိုင်းပြည်က ပိုပြီးမှ ငြိမ်းချမ်းမယ်လို့ မြင်တယ်လေ၊ မဟုတ်ဘူးဆိုရင်တော့ အကုန်လုံးက ဖက်ဒရယ်ဆိုတာတော့ ရှိတယ်လေ၊ လုပ်ပိုင် ခွင့်တွေ ဗဟိုအစိုးရက အများကြီး ထိန်းချုပ်ပြီးမှ ပြည်နယ်တွေ ကျန်တဲ့ ဒေသတွေ နယ်မြေတွေကိုတော့ နည်း နည်းလေး ခွဲဝေပေးတဲ့ ဖက်ဒရယ်မျိုးကြတော့လည်း အဆင်မပြေနိုင်ဘူးပေါ့နော်၊ အခု လက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း တချို့က လုံးဝ ဖက်ဒရိတ်(ကွန်ဖက်ဒရိတ်)ပုံစံသွားချင်တဲ့ ပုံစံမျိုးလည်း ရှိတယ်၊ ဖက်ဒရယ်နဲ့ သွား ချင်တဲ့ သူလည်း ရှိတယ်၊ ဖက်ဒရိတ်(ကွန်ဖက်ဒရိတ်)ပုံစံ မဟုတ်ရင်တောင်မှ အနည်းဆုံး ဖက်ဒရယ်နဲ့ လုပ်ပိုင်ခွင့် များများနဲ့ ပေးတဲ့ စနစ်ကိုတော့ ကျနော်တို့ နိုင်ငံကိုတော့ ပိုပြီးဖြစ်သင့်တယ်လို့ ကျနော်တော့ မြင်တယ်” ဟု ပြော သည်။

မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ဖက်ဒရယ်စနစ်များကို လေ့လာနေကြကြောင်း၊ မိမိတို့ဘက်မှ လည်း ဖွဲ့စည်းပုံအတွက် ပြင်ဆင်မှု ရှိထားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာ ဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က အိန္ဒိယဖက်ဒရယ်အရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်

၎င်းက “ဖက်ဒရယ်နိုင်ငံ ပေါင်းစုံကိုတော့ EAO တွေက လေ့လာကြပါတယ်၊ ဆွစ်ဇာလန်နိုင်ငံကိုလည်း လေ့လာကြ တယ်၊ ဂျာမဏီနိုင်ငံကိုလည်း လေ့လာကြတယ်၊ ပြီးလို့ရှိရင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံကိုလည်း လေ့လာကြပါ တယ်။ 

လေ့လာကြတော့ ဘယ်နိုင်ငံရဲ့ ဖွဲ့စည်းပုံကတော့ ကျမတို့နဲ့ သင့်တော်ပြီးတော့ တစ်သားတည်း ကျတယ် လို့ ဆိုတာထက် ကျမတို့ကတော့ ဖွဲ့စည်းပုံကို အကြမ်းတစ်ခုခုတော့ ပြင်ဆင်ထားကြတာရှိပါတယ်၊ EAO က ကျမ တို့ နိုင်ငံနဲ့ သင့်တော်မယ့် အနေအထား တစ်ခုပေါ့လေ၊ အဲဒီလို အချက်တွေကိုတော့ ကောက်နုတ်ပြီး ပြင်ဆင်ထား ကြတာရှိတယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံဟာဆိုလို့ရှိရင် တခြားနိုင်ငံတစ်ခုနဲ့ ထပ်တူကျရမယ် ဆိုတာလည်း ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါပေမဲ့ လေ့လာနေကြဆဲဖြစ်တယ်၊ ယတိပြတ်က‌တော့ ကျမတို့ ပြောလို့မရသေးဘူး။ ကျမတို့ EAO ၁၂ ဖွဲ့ကြားမှာ ဖွဲ့စည်းပုံတစ်ခု ပြင်ဆင်ထားတာတော့ ရှိပါတယ်၊ အဲဒီအထဲက အချက် ၂၃ ချက်ကိုတော့ ကျမတို့ ပြင်ဆင်ပြီးတော့ ဆွေးနွေးနေရတဲ့ အပိုင်းတွေလည်း ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖက်ဒရယ်စနစ်ကို အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ မက္ကဆီကို၊ နိုင်ဂျီးရီးယာ၊ စပိန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ အပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံက မတူညီသော ပုံစံများဖြင့် ကျင်းသုံးကြ‌ ကြောင်း သိရသည်။