CNI International News
ကမ်ပါလာ၊ ဇွန်လ ၁၉
သူပုန်များဟု သံသယရှိသူများက ကွန်ဂိုနှင့်နယ်စပ်အနီး ယူဂန္ဓာနိုင်ငံ၏ ဝေးလံသီခေါင်သော ဧရိယာတစ်ခုမှ ကျောင်းတစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်သူများသည် ညတွင်းချင်း နယ်စပ်မှတဆင့် ထွက်ပြေးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
သေဆုံးသူများတွင် ကျောင်းသူ/သား ၃၈ ဦး ပါဝင်ကြောင်း၊ ၎င်းတို့ အိမ်ဆောင်များ၌ ရှိနေစဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ ကျောင်းသားတချို့မှာ မီးရှို့ခံရခြင်းကြောင့် မမှတ်မိလောက်အောင်ကိုပင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီး တချို့မှာ ပစ်သတ်ခံရခြင်း သို့မဟုတ် ဓားဖြင့် ခုတ်သတ်ခံခဲ့ရသည်။
ကာစီစီ (Kasese) နယ်စပ် ခရိုင်ရှိ ကျောင်းတစ်ခုကို သေနတ်များ၊ ဓားများကိုင်ဆောင်ထားသူများက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပစ်ခတ်ခံရသော -ယူဂန္ဓာကျောင်းကို တွေ့ရစဉ်
Mpondwe-Lhubiriha မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း ကျောင်းသား ၃၈ ဦးအပြင် အစောင့်တစ်ဦးနှင့် ဒေသခံ နှစ်ဦးတို့ သေဆုံးခဲ့ရသည်ဟု မြို့တော်ဝန် ဆယ်လီဗက် မာပိုဇီ (Selevest Mapoze)က ပြောသည်။
သူပုန်များသည် ကျောင်း၏ စတိုခန်းတွင်းမှ ပစ္စည်းများကို ယူဆောင်ကာ၊ ယင်းတို့ကို သယ်ပေးရန် နောက်ထပ် ကျောင်းသား ခြောက်ဦးကိုပါ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သည်ဟုလည်း ယူဂန္ဓာစစ်တပ်က ထုတ်ပြန်သည်။
တိုက်ခိုက်မှု ဖြစ်ပွားရာ ကျောင်းသည် ကျား/မ ရောတက်၍ရသည့် ပုဂ္ဂလိကကျောင်း တစ်ခုဖြစ်ကာ ကွန်ဂို နယ်စပ်နှင့် နှစ်ကီလိုမီတာ အကွာတွင် ရှိသည်။
Lhubiriha Secondary ကျောင်းတွင် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် အာဏာပိုင်များက ADF အဖွဲ့ကို အပြစ်တင်သည်။
ADF သည် အစွန်းရောက် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ကွန်ဂိုအရှေ့ပိုင်းတွင် အခြေစိုက်ပြီး ပြီးခဲ့သည့် နှစ်များတွင် လည်း တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။
ကွန်ဂိုရှိ ကျေးရွာများသည်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
သို့သော် ယူဂန္ဓာအထိ ဝင်ရောက် တိုက်ခိုက်မှုများသည် ကြုံတောင့်ကြုံခဲဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဒစ်အိုလမ်ကိုတွေ့ရစဉ်
အဆိုပါ ဒေသတွင် ယူဂန္ဓာတပ်ရင်း တစ်ရင်း အခြေစိုက်မှုကြောင့် ဖြစ်သည်။
လုံခြုံရေးသည် အစိုးရအဖွဲ့၏ အင်အားဖြစ်သည်ဟု ကာလရှည် ခေါင်းဆောင်ဖြစ်သူက ပြောဆိုထားချိန်တွင် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုက များသောအားဖြင့် ငြိမ်းချမ်းသော အရှေ့အာဖရိကနိုင်ငံ အတွက် အထိတ်တလန့် ဖြစ်စေခဲ့သည်။
ထိုတိုက်ခိုက်မှုက အဆိုပါ ဒေသနှင့်အနီးတွင် ၂၀၂၁ ခုနှစ်မှ စတင် တပ်စွဲထားသည် လုံခြုံရေးတပ်ဖွဲ့များအပေါ် ထိုးနှက်မှုလည်း ဖြစ်သည်။
အခင်းဖြစ်ပွားရာ ကျောင်းအနီးတွင် သတင်းသမားများနှင့် တွေ့ဆုံခဲ့ရာ၌ ကွန်ဂိုရှိ ယူဂန္ဓာတပ်မှူး ဖြစ်သူက သူပုန် များသည် တိုက်ခိုက်မှု မလုပ်ခင် ကာစီစီတွင် နှစ်ည ပုန်းအောင်း နေခဲ့ကြောင်း ပြောသော်လည်း အသေးစိတ်ကိုမူ မပြောခဲ့ပေ။
ADF သူပုန်များသည် ဖိအားများနှင့် ရင်ဆိုင်လာရချိန်တွင် အဖွဲ့ငယ်များခွဲကာ မတူညီသော နေရာများတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြင့် ဖိအားများကို လျှော့ချလေ့ရှိကြောင်း ဗိုလ်ချုပ်ကြီး ဒစ်အိုလမ် (Dick Olum) က ပြောသည်။
ထို့နောက် ယခု ကျောင်းတိုက်ခိုက်မှုကိုလည်း တိုက်ပွဲများမှ ရရှိလာသော ဖိအားများကို လျှော့ချရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
Source: AP