CNI International News

ဘာမာကို၊ ဇွန်လ ၁၉

မာလီပြည်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသစ်နှင့် ပတ်သက်သည့် ဆန္ဒခံယူပွဲတစ်ခုတွင် ဇွန်လ ၁၉ ရက်၌ မဲပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ဆန္ဒခံယူပွဲသည် ၂၀၂၄  ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် လမ်းခင်းပေးမည်ဟု အာဏာသိမ်း ခေါင်းဆောင်များက ပြောသော်လည်း ယင်းသည် ၎င်းတို့၏ အာဏာသိမ်းကာလကို အချိန်ဆွဲရန် လုပ်ဆောင်ခြင်း သာဖြစ်သည်ဟု ဝေဖန်သူများက ထောက်ပြသည်။ 

လွန်ခဲ့သော သုံးနှစ် အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့သည့် ဗိုလ်မှူးကြီး အစ်ဆီမီ ဂိုင်တာ (Assimi Goita)က အဆိုပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် မာလီပြည်သူများအတွက်  ပိုမိုကောင်းမွန်စွာ စုစည်း ထားသည့် အုပ်ချုပ်မှု အင်အားကို ဖြစ်စေလိမ့်မည်ဟု ပြောသည်။ 

ဆန္ဒခံယူပွဲသည် ပြည်သူများ၏ အကျိုးစီပွားကို ထမ်းဆောင်ပေးသော ခိုင်မာ၍ ထိရောက်မှုရှိသည့် မာလီနိုင်ငံသစ် အတွက် လမ်းဖြစ်စေမည်ဟု ဂိုင်တာက ဇွန်လ ၁၈ ရက်နေ့ မဲပေးမှုအပြီးတွင် ပြောသည်။ 

မဲပေးမှုတွင် ပါဝင်သူ အရေအတွက်သည် နေ့လယ်ခင်း ရောက်သည့်တိုင် မဲပေးနိုင်သော အရေအတွက်၏ ၂၁ ရာခိုင်နှုန်းသာ ရှိသေးသည်ဟု ရွေးကောက်ပွဲစောင့်ကြည့်မှုအဖွဲ့ MODELE က ပြောသည်။

မဲပေးခွင့် ရုပ်သိမ်းခံရခြင်း၊ လုံခြုံရေးကိစ္စ စသည့် အကြောင်းအရာများကြောင့်လည်း မဲရုံဒါဇင်ချီကို ပိတ်ပြစ်ခဲ့ရ သည်ဟု ထိုအဖွဲ့က ပြောသည်။

ဆန္ဒခံယူပွဲတွင် မာလီမြောက်ပိုင်းရှိ ကီဒဲလ် (Kidal) ဒေသတစ်ခုလုံးပါ ပါဝင်ခြင်းလည်း မရှိပေ။ 

မာလီပြည်သူများ မဲထည့်နေစဉ်

အာဏာသိမ်း စစ်တပ်၏ အတိုက်အခံ တစ်ဦးဖြစ်သူ ဘာသာရေး ခေါင်းဆောင် မာမွတ် ဒစ်ကို (Mahmoud Dicko) က ဇွန်လ ၁၆ ရက်နေ့တွင် ဘာမာကို (Bamako) ရှိ ဟောခန်းကြီးတစ်ခုသို့ ထောက်ခံသူများကို ဖိတ်ကြားကာ ဖွဲ့စည်းပုံမူကြမ်းအား မဲပေးမှု၌ ကန့်ကွက်မဲပေးရန် တောင်းဆိုခဲ့သည်။ 

ယနေ့ခေတ် မာလီနိုင်ငံတွင် တရားမျှတမှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးမှုတို့ အကြောင်း ပြောခွင့်ရ ပါ သလား၊ ဘယ်လို ဒီမိုကရေစီပုံစံမျိုးကို ပြောနေကြတာပါလဲ၊ ဒီမိုကရေစီဆိုတာ ဘယ်မှာပါလဲ၊ ပြည်သူများကို ဖိနှိပ်ရန်အတွက် စစ်တပ်က ဥပဒေကို အသုံးချနေသည့် နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ ဘယ်မှာပါလဲ၊ ဒီအခြေအနေက မိမိတို့ နိုင်ငံ၏ လက်ရှိ အခြေနေဖြစ်ပါသည်ဟု ဒစ်ကိုက ပြောသည်။

၎င်း(ဒစ်ကို)သည် ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ထားသည့် သမ္မတ အီဗရာဟင် ဘူဘာကာ ကီတာ (Ibrahim Boubacar Keita) အား ဖယ်ရှားရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ဖူးသူ၊ စစ်တပ်ထောက်ခံသူဟောင်း တစ်ဦးလည်း ဖြစ်သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတည်ပြုချက်သည် အစ္စလာမ္မစ် အစွန်းရောက် အကြမ်းဖက်မှုများနှင့် ကာလ ရှည် ရင်ဆိုင်နေရသည့် မာလီနိုင်ငံအတွက် မှန်ကန်သော လမ်းကြောင်းပေါ် ခေါ်ဆောင်ပေးသွားမည်ဟုလည်း ဇွန်လ ၁၈ ရက်နေ့တွင် မဲပေးခဲ့သည့် မာလီပြည်သူများက ပြောသည်။

မာလီပြည်သူများ မဲထည့်နေစဉ်

အဆိုပြုထားသော အခြေခံဥပဒေမူကြမ်းသည် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ဟူ၍ လွှတ်တော် နှစ်ရပ်ရှိသော ပါလီမန်စနစ်ကို ဖြစ်စေသည်။ 

လက်ရှိတွင် မာလီ၌ အောက်လွှတ်တော်သာ ရှိသည်။ 

မူကြမ်းသည် မာလီ၏ သမ္မတရာထူးကို ပို၍ တောင့်တင်း ခိုင်မာစေမှု ဖြစ်စေကြောင်း၊ ထိုအခြေအနေက နိုင်ငံရေး ဆိုင်ရာ အငြင်းအခုန်များကို ဖြစ်စေမည်။ 

မာလီ၏ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၂ ခုနှစ်တွင် ရေးဆွဲခဲ့ခြင်းဖြစ်ကာ အစိုးရသည် နိုင်ငံတော်မူဝါဒကို ဆုံးဖြတ်ကျင့်သုံးရမည်ဟု ဖော်ပြထားသော်လည်း ဖွဲ့စည်းပုံအသစ်တွင်မူ အစိုးရသည် သမ္မတက ဆုံးဖြတ်သော နိုင်ငံတော်မူဝါဒကို လိုက်နာကျင့်သုံး ရမည်ဟု ဖော်ပြထားသည်။

Source: AP