CNI International News

ဘန်ကောက်၊ ဇွန်လ ၁၉

ဖြူးထိုင်းပါတီ (Pheu Thai)သည် လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် Move Forward ပါတီကို အလျှော့ပေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီဘက်က လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ရာထူးနှစ်ခုကိုသာ ရယူသွားမည်ဖြစ်ကြောင်း၊ ယင်းက ပါတီ နှစ်ခုအကြား အငြင်းပွားနေမှုကို အဆုံးသတ်စေရန် ရည်ရွယ်သည်ဟု ဖြူးထိုင်းပါတီ၏ ဒုတိယခေါင်းဆောင် ဖွမ်သမ်း ဝီချာရာချိုင်း (Phumtham Wechayachai) က ဇွန်လ ၁၈ ရက်နေ့တွင် ပြောသည်။ 

ထိုမတိုင်ခင်အထိ ဖြူးထိုင်းပါတီသည် Move Forward ဘက်မှ အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးရာထူး ဖြစ်သော ဝန်ကြီးချုပ်ရာထူးကို ရယူလျှင် ၎င်းတို့အနေဖြင့် ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံးဖြစ်သော လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူသင့်သည်ဆိုသည့် မူကို ဆုပ်ကိုင်ခဲ့သည်ဟု ဖွမ်သမ်းက ပြောသည်။ 

သို့သော် ထိုအခြေအနေကြောင့် ပါတီနှစ်ခုအကြား တင်းမာမှုများ ရှိလာခဲ့ကာ Move Forward ဘက်က ထိပ်တန်း ရာထူးနှစ်ခု စလုံးကို ယူရန် အခိုင်အမာ လုပ်ဆောင်ခဲ့သည်။ 

ဖြူးထိုင်းပါတီ၏ ဒုတိယခေါင်းဆောင် ဖွမ်သမ်း ဝီချာရာချိုင်းကို တွေ့ရစဉ် 

ထိုသို့ အခြေအနေမျိုးကို ရှောင်လွှဲရန်အတွက် ဖြူးထိုင်းပါတီသည် လွှတ်တော်အတွင်း အမတ်အရေအတွက် အများဆုံး အနိုင်ရထားသည့် Move Forward ပါတီအား အလျှော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပါတီနှစ်ခုအကြား လွှတ်တော်အမတ် နေရာအနိုင်ရရှိမှု အရေအတွက်သည် တူညီလုနီးပါး ရှိနေချိန်တွင် လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ရာထူးများသည် ဖြူးထိုင်းပါတီအတွက် ဖြစ်သင့်သည်ဟုလည်း ၎င်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ပါတီနှစ်ခု၏ ကိုယ်စားလှယ်များက ဆွေးနွေးသွား မည်ဟုလည်း ဖွမ်သမ်းက ပြောသည်။ 

သို့သော် ထိုဆွေးနွေးမှုများကို ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသူများကို အတည်ပြုပြီးချိန်မှသာ လုပ်ဆောင်သင့်ကြောင့်လည်း ဖွမ်သမ်းက ပြောသည်။ 

Move Forward ပါတီ ခေါင်းဆောင်ကို တွေ့ရစဉ်

ဇွန်လ ၂၁ ရက်တွင် အတည်ပြုမှုကို လုပ်ဆောင်မည်ဟုလည်း ကော်မရှင်က အစောပိုင်း၌ ကြေညာခဲ့သည်။ 

ဖြူးထိုင်းပါတီခေါင်းဆောင် ဒေါက်တာ ချိုနန် သီရိကောကတော့ ကော်မရှင်က လွှတ်တော်အမတ်အဖြစ် ရွေးချယ် ခံရသူများကို ဇွန်လ ၂၁ ရက်တွင် အတည်ပြုမည် ဖြစ်သောကြောင့် ညွန့်ပေါင်းအဖွဲ့ဝင်ပါတီ ရှစ်ခု၏ ခေါင်းဆောင် များသည် ဇွန်လ ၂၂ ရက်၌ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ဖွယ် ရှိသည်ဟု ပြောသည်။ 

ထိုနေ့တွင်ပင် ပါတီခေါင်းဆောင်များသည် အစိုးရဖွဲ့ရေးအတွက် ဆက်လက် ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊ ထိုအချိန်မှသာ အစိုးရအဖွဲ့ ရာထူးများနှင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် ပို၍ ရှင်းလင်း လာလိမ့်မည်ဖြစ် ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်