CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၇

Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်(Pita Limjaroenrat)အနေဖြင့် ဝန်ကြီးချုပ်ရွေးချယ်ခံခြင်းကို ဒုတိယအကြိမ် အရွေးမခံရပါက တိုင်းပြည် ဆုံးရှုံးနစ်နာမှုများ မရှိစေရေး စွန့်လွှတ်ရနိုင်သည်ဟု ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန် ဝီချာယာချိုင်း (Phumtham Wechayachai)က ပြောသည်။

ဇူလိုင် ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ရွေးချယ်မည့် ဒုတိယအကြိမ် အောက်နှင့်အထက် ပူးတွဲလွှတ်တော်မှာ ဝန်ကြီး ချုပ်အဖြစ် အရွေးခံရရေး Move Forward(MFP)ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်၏ နောက်ဆုံး ကြိုးစားမှု ဖြစ်သင့်သည်ဟု ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန်က ပြောကြောင်း Thai PBS သတင်းမှ ဖော်ပြခဲ့သည်။  

ပီတာနှင့် MFP ပါတီအနေဖြင့် တိုင်းပြည် ရှေ့ဆက်ပြီး စီးပွားရေးလည်း ပြန်မတ်လာအောင် စွန့်လွှတ်မှု လုပ်ရနိုင် ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အချိန်အကြာကြီး  အစိုးရမရှိဘဲ မနေနိုင်သလို ပရာယွတ်ချန်အိုချာ၏ အိမ်စောင့်   အစိုးရကို နောက်နှစ်အထိ ဆက်နေရန် ခွင့်ပြုရတော့မလို ဖြစ်သွားနိုင်ကြောင်း ဖန်သန်က ပြောသည်။ 

 Move Forward ပါတီခေါင်းဆောင် ပီတာကိုတွေ့ရစဉ်

MFP ပါတီ၏ ဖွဲ့စည်းပုံဥပဒေပါ အပိုဒ် ၂၇၂ ကို ပြင်ဆင်ရန် အစီအစဉ်နှင့် အထက်လွှတ်တော် အမတ်များကို ဝန်ကြီးချုပ် ရွေးချယ်ပိုင်ခွင့် လျှော့ချပစ်မည့် အစီအစဉ်များမှာ ညွန့််ပေါင်း(၈)ပါတီက လက်မှတ်ထိုးထားသည့် နားလည်မှု စာချွန်လွှာထဲတွင် မပါဝင်ကြောင်း ဖန်သန်က Suthihai Yoon နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

ထို့နောက် MFP ပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုမှာ မဖြစ်နိုင်သလောက် နီးပါးပင်ဖြစ်သည်ဟု ဖန်သန်က သုံးသပ်ပြသည်။

အပိုဒ် ၂၇၂ ကို ပြင်ဆင်ဖို့ အထက်လွှတ်တော် အမတ်များ၏ ထောက်ခံမဲ ၈၆ မဲအထိ လိုအပ်ကြောင်း၊ လက်ရှိတွင် ပါတီမှာ ပီတာကို ဝန်ကြီးချုပ်အဖြစ် သဘောတူဖို့ အထက်လွှတ်တော်မှ ထောက်ခံမဲ ၆၄ မဲကိုမျှ မရနိုင်ဖြစ်နေ သည်ဟု ၎င်းက ထောက်ပြသည်။ 

ပီတာ ဝန်ကြီးချုပ်အဖြစ် အရွေးမခံရမချင်း ပါတီက ဆက်လက် တိုက်ပွဲဝင်သွားမည်ဆိုသည့် ပီတာ၏ ပြောဆိုချက် နှင့် ပတ်သက်၍လည်း ဖန်သန်က သူတို့မှာ နိုင်စရာအကြောင်း မရှိဘူးဆိုတာ သဘောပေါက်လာဖို့ ဘယ်လောက် ကြာဦးမှာလဲဟု မေးခွန်းထုတ်လိုက်သည်။ 

၈ ပါတီညွန်ပေါင်းကိုတွေ့ရစဉ်

 “နောက်နှစ်အထိ မဲပေးပြီးရင်း မဲပေးနေရတော့မှာလား။ အထက်လွှတ်တော် အမတ်တွေရဲ့ ဝန်ကြီးချုပ် ရွေးချယ် ပိုင်ခွင့်တောင် သက်တမ်းကုန်သွားလိမ့်မယ်။ ကျနော်တို့ အဲဒီလောက် အကြာကြီး မစောင့်နိုင်ဘူး။ နိုင်ငံနဲ့ ပြည်သူ တွေရဲ့ အကျိုးကိုပဲ ဦးစားပေးရမယ်”ဟု ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန်က ပြောသည်။
 
ဇူလိုင် ၁၉ ရက်နေ့ ဒုတိယအကြိမ် မဲပေးမှုနှင့် ပတ်သက်၍လည်း MFP ပါတီအနေဖြင့် နောက်ထပ် အမတ် ဘယ်လောက်များများကို ပီတာအား မဲပေးဖို့ ဆွဲဆောင်နိုင်မည်လဲ မသိရသော်လည်း ဘုရင်အား စော်ကားမှုကို တားမြစ်သည့် ဥပဒေအပေါ် အထက်လွှတ်တော် အမတ်များ၏ ရပ်တည်ချက်မှာ သိသာထင်ရှားနေပါသည်ဟု  ဖန်သန်က ပြောသည်။ 

ထိုအခြေအနေတွင် ဖြူးထိုင်းပါတီအနေဖြင့် ပီတာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထောက်ခံဆဲ ဖြစ်သော်လည်း ဒုတိယအကြိမ်မှာလည်း ပထမအကြိမ်လိုပဲ ရလဒ်ထွက်လာခဲ့ရင်တော့ ခက်ခဲသည်ဆိုသော အမှန်တရားကို လက်ခံရမည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: The PBS