CNI International News

ပြုံယမ်း၊ ဧပြီ ၂၉

နျူကလီးယားစမ်းသပ်ရန် ပြင်ဆင်နေကြောင်း ဖြစ်နိုင်ခြေရှိသည့် ဂြိုဟ်တု သတင်းဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် ရန်သူ ကို ချေမှုန်းဖို့ နည်းလမ်းပေါင်းစုံဖြင့် အင်အားမြှင့်တင်သွားရန် မြောက်ကိုရီးယားစစ်တပ်ကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုက်တွန်းခဲ့သည်။

တပ်တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီ ၂၅ ရက်၌ ၎င်းနိုင်ငံအတွင်း စစ်ရေးပြ ချီတက်ပွဲ အကြီးအကျယ် ပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်၊ ရုပ်သံထုတ်လွှင့်သူများနှင့် ယှဉ်တွဲဓာတ်ပုံရိုက်ကူးစဉ် ကင်မ်ဂျုံအန်းက အထက်ပါအတိုင်း သဘော ထား မှတ်ချက်ပေး၍ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရမီဒီယာမှ ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင် ကင်မ်သည် ရွှေရောင်အနားကွပ်ထားသည့် အဖြူရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြင်းဖြူစီးလျက်သား တွေ့ရသည်။

ဧပြီ ၂၅ ရက် စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံ၏အကြီးဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM), Hwasong-17 နှင့်အတူ မကြာသေးမီက စမ်းသပ်ခဲ့သော အသံထက်မြန်သည့် ဒုံးကျည် အပါအဝင် နောက်ဆုံး ထုတ်လုပ်ထားသည့် ဒုံးကျည် အများအပြားကို ခင်းကျင်းပြသခဲ့သည်။

မြောက်ကိုရီးယားက နျူကလီးယားတိုက်ချင်းပစ်ဒုံးကျည်(KNCA)

“ယခုပြသမှုသည် မိမိတို့သမ္မတနိုင်ငံတော်၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ ခေတ်မီမှု၊ သူရဲကောင်းဆန်မှုနှင့် စစ်ရေး နည်းပညာ သာလွန်မှုကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း” ကင်မ်က တပ်ဖွဲ့ဝင်များနှင့်အတူ ဓာတ်ပုံရိုက်ကူးသည့် အစီအစဉ်တွင် ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက ရေးသားထားသည်။

မြောက်ကိုရီးယားသည် စစ်ပွဲဆန့်ကျင်ကြောင်း၊ ၎င်း၏လက်နက်များသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်သာဖြစ်ကြောင်း ပြောကြားချက် ရှိခဲ့သည်။
သို့သော် ဧပြီ ၂၅ ရက် စစ်ရေးပြ အခမ်းအနားတွင် မိမိတို့ နျူကလီးယားတပ်ဖွဲ့၏ မစ်ရှင်(တာဝန်)မှာ စစ်ပွဲ အဟန့်အတားကို ကျော်လွန်လျက် နိုင်ငံအကျိုးစီးပွား ကာကွယ်ခြင်းလည်း ပါဝင်ကြောင်း ကင်မ်က မြောက်ကိုရီးယားစစ်တပ်ကို မှာကြားခဲ့ သည်။

ကင်မ်ဂျုံအန်းနဲ့ သူရဲ့စစ်တပ်(KNCA)

ပြုံယမ်းသည် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကို ယခုလတွင် ပြန်လည် စတင်ခဲ့ပြီး မကြာမီ နျူကလီးယားလက်နက်များ စမ်းသပ်လာနိုင်သည့် အရိပ်အယောင်များလည်း တွေ့နေရသည်။

“လက်ရှိ ဂြိုဟ်တုပုံရိပ်တွေအရ ကြိုတင်ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါဟာ အရေး မကြီးတဲ့ လုပ်ဆောင်ချက်အနေနဲ့ လျှော့တွက်မလို့ မရပါဘူး” ဟု အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS)က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

Source: Aljazeera