CNI International News

ဘေဂျင်း၊ ဧပြီ ၂၉

အမေရိကန်နိုင်ငံသားများသည် တရုတ်ကို ကမ္ဘာ့စူပါပါဝါနှင့်ခြိမ်းခြောက်မှုတစ်ခုဟု ရှုမြင်နေကြသော်လည်း ရန်သူ ထက် ပြိုင်ဘက်သဘောမျိုး ဖြစ်ကြောင်း ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည့် စစ်တမ်းတစ်စောင်ကို ကိုးကားလျက် အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန် နိုင်ငံသားများကြားထဲ စစ်တမ်းကောက်ယူမှုတစ်ခုတွင် တရုတ်အပေါ် အနုတ်လက္ခဏာဆောင်သည့် အမြင်များ အမြင့်ဆုံးတက်လာခဲ့ကြောင်း၊ နိုင်ငံသား ၈၂ ရာခိုင်နှုန်းသည် အဆိုးမြင်မှုနှုန်းမှာ ယမန်နှစ်ကထက် ၆ ရာခိုင်နှုန်းတိုးလာကြောင်း ဝါရှင်တန်အခြေစိုက် Pew သုတေသနဌာနက ပြောသည်။

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာကြောင်း၊ ထိုသို့ အားကောင်းလာခြင်းမှာ မိမိတို့နိုင်ငံအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်လူမျိုး အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံခန့်က ယခုစစ်တမ်းတွင် ဖြေဆိုခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက တရုတ်ကို ရန်သူဟု ရှုမြင်သော ဖြေဆိုသူအချိုးအစား မှာလည်း ကျဆင်းသွားခဲ့သည်။ လောလောဆယ်တွင် အမေရိကန်လူမျိုး ၆၂ ရာခိုင်နှုန်းက တရုတ်ကို ပြိုင်ဘက်ဟု ပြောင်းလဲရှုမြင်လာခဲ့ပြီး ၂၅ ရာခိုင်နှုန်းကတော့ ရန်သူဟု ရှုမြင်နေကြသည်။ ဇန်နဝါရီလစစ်တမ်းတွင် ၅၄ ရာခိုင် နှုန်းက ပြိုင်ဘက်ဟု မြင်ခဲ့ကြပြီး ၃၅ ရာခိုင်နှုန်းအထိ ရန်သူဟု မြင်ခဲ့ကြခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ဇန်ဝါရီလစစ်တမ်းအချိုးအစားမှာ ယခင် ၂၀၂၁ ခုနှစ်ကအတိုင်း အတိအကျနီးပါး တူညီခဲ့ကြောင်း တွေ့ရသည်။

ထိုသို့ အမေရိကန်လူမျိုးများ၏ အမြင်ပြောင်းလဲလာမှုသည် လတ်တလော ယူကရိန်းသို့ ရုရှားကျူးကျော်စစ် ကြောင့် ယာယီလွှမ်းမိုးသည့်သဘောလည်း ဖြစ်နိုင်သည်။

Pew သုတေသနစင်တာမှ အကြီးတန်းသုတေသီ လော်ရာဆေးဗား (Laura Silver) က “ လက်ရှိစစ်ပွဲသည် ပြိုင်ဘက်အယူအဆနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး အမေရိကန်ပြည်သူများက တရုတ်ကို ရန်သူဟူသည့် အဓိပ္ပါယ် ဖွင့်ဆိုပုံ ပြောင်းလဲသွားနိုင်စရာရှိနေကြောင်း” ပြောကြားခဲ့သည်။

အဆိုပါ စစ်တမ်းကောက်ယူမှုမှာ ရုရှားကျူးကျော်စစ်စတင်ပြီး တစ်လခန့်အကြာ မတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ အမေရိကန်နိုင်ငံသား ၃၅၈၁ ဦးတို့ကို ပါဝင်ဖြေဆိုစေခဲ့ခြင်းဖြစ်သည်။ စစ်တမ်း၏ လွဲချော်မှုရာခိုင်နှုန်းမှာ ရမှတ် အပေါင်း (သို့မဟုတ်) အနုတ်လက္ခဏာ (၂ဒသမ၃) ဖြစ်သည်။


ရန်သူဟု အမေရိကန်လူမျိုးများ၏အမြင်သည် ရုရှားဘက်ကို အာရုံပြောင်းလာခဲ့ပြီး ယခုအခါ အမေရိကန်လူမျိုး ၇၀ ရာခိုင်နှုန်းခန့်က ရုရှားအား ရန်သူဟု မှတ်ယူလာကြကြောင်း Pew စင်တာက ပြောသည်။

“ရုရှားလုပ်နေတာတွေကို အမေရိကန်ပြည်သူတွေက ရန်သူဆိုတဲ့အမြင်ပြောင်းသွားတယ်။ တရုတ်ကိုတော့ ပြိုင်ဘက်လို့ပဲ မှတ်ယူလာတဲ့သဘောပါ” ဟု လော်ရာဆေးဗားက ရှင်းပြသည်။

တရားဝင် ထုတ်ဖော်ပြောကြားချက်အနေဖြင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က “တရုတ် သည် အမေရိကန်စစ်တပ်၏ ရေရှည်စိန်ခေါ်မှု” ဟု ခေါ်ဆိုခဲ့သည်။ အမေရိကန်-တရုတ်ဆက်ဆံရေးသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ သမ္မတဂျိုးဘိုင်ဘန် ရာထူးသက်တမ်းစတင်ချိန်ကတည်းက အဆင့်များစွာ၌ ပိုမိုတင်းမာ လာခဲ့သည်။

ဘိုင်ဒန်သည် အင်ဒို-ပစိဖိတ်ဒေသကို ဇောင်းပေးလာခဲ့ပြီး ထိုင်ဝမ်အပေါ် တရုတ် စစ်ရေးအရ ရန်စမှုများ၊ တရုတ် ပြည်မကြီးရှိ မျိုးနွယ်စုလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဟောင်ကောင် ဒီမိုကရေစီအရေး နှိမ်နင်းမှုတို့အတွက် ဘေဂျင်းကို အကြိမ်ကြိမ် ဝေဖန်ထိုးနှက်ခဲ့သည်။

Source: AP