CNI International News

ဘေဂျင်း၊ မတ်လ ၃၀

တာလီဘန်များ လက်အောက်ရှိ အာဖဂန်နစ္စတန်၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်တည်ရှိစေရန် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို မတ်လ ၃၀ ရက် (ယနေ့) စတင်မည့် နိုင်ငံပေါင်းစုံ အစည်းအဝေးများတွင် ချပြသွားမည် ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။

အိမ်နီးချင်းနိုင်ငံများ ပါဝင်ကြမည့် အဓိကအစည်းအဝေးများသို့ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင် နစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့မှ ကိုယ်လှယ်များ အသီးသီး စေလွှတ်ကြမည်ဟု မျှော်လင့်ရသည်။

တရုတ်၊ အမေရိကန်နှင့် ရုရှားတို့မှ အာဖဂန်ဆိုင်ရာ သံတမန်များ တက်ရောက်ကြမည့် “တိုးချဲ့သုံးပွင့်ဆိုင်” (Extened Troika) သီးခြား အစည်းအဝေးကိုလည်း ယခုအစီအစဉ်ထဲတွင် ထည့်သွင်းလျက် တပြိုင်နက် ကျင်းပမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

“တရုတ်၊ အမေရိကန်၊ ရုရှားနှင့် ပါကစ္စတန်တို့သည် အာဖဂန်အရေးတွင် အဓိကဩဇာလွှမ်းမိုးသည့် နိုင်ငံများဖြစ်ကြကြောင်း” အဆိုပါဝန်ကြီးဌာနမှ ပြောခွင့်ရသူ ဝမ်ဝီဘင်က မတ်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ အဆောတလျင် ရရှိအောင် နိုင်ငံခြားရေးဝန်ကြီးများ၏ တတိယအကြိမ် အစည်းအဝေးအဖြစ် အပြုသဘောဆောင်လျက် စီစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အာဖဂန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် တွမ်ဝပ်စ်(GETTY IMAGES)

အာဖဂန်အတွက် ကျင်းပပေးသည့် ဒေသတွင်း အစည်းအဝေးတွင် တရုတ်နိုင်ငံကိုယ်စားပြု၍ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တက်ရောက်ပြီး တာလီဘန်တို့၏ နိုင်ငံခြားရေးဝန်ကြီး အီမာခန်းမူတာကီ (Amir Khan Muttaqi) နှင့် ကာတာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်တို့မှ ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးရန် ရှိနေသည်။

တိုးချဲ့သုံးပွင့်ဆိုင် သီးခြားအစည်းအဝေးတွင် အာဖဂန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် တွမ်ဝပ်စ် (Tom West) က အမေရိကန်ကိုယ်စားပြု တက်ရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြော ကြားခဲ့သည်။

အဓိက ဦးတည်ချက်အနေဖြင့် တာလီဘန်တို့ အကျိုးစီးပွား အမှန်တကယ် ပါဝင်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး၊ အကြမ်းဖက်ဝါဒ ကင်းစင်ပြီး ဘေးကင်းလုံခြုံစွာဖြင့် တာလီဘန်တို့ လိုက်နာရမည့် ကတိကဝတ်များနှင့်အညီ နေထိုင်သွားနိုင် ရေးတို့ ပါဝင်ဆွေးနွေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဘက်မှ ဆက်လက် ပြောကြားခဲ့သည်။

အာဖဂန်တွင် သဘောထား တင်းမာသော အစိုးရသစ်ရှိနေခြင်းကို တရုတ်က အသိအမှတ် မပြုသော်လည်း အမေရိကန်၏ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခံရခြင်းမှ လွတ်ကင်းခဲ့သည်။

အထက်ပါ အစည်းအဝေး အားလုံးကို တရုတ်နိုင်ငံ၊ အန်းဟွေးပြည်နယ်၊ တွန်ဇီးရှေးဟောင်းမြို့တွင် ကျင်းပရန် စီစဉ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် မကင်းစင်သေးချိန် လူဦးရေ နည်းပါးသည့်မြို့ကို ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။

Source: AP