CNI International News

ကိယက်ဗ်၊ မတ်လ ၃၀

ရုရှား-ယူကရိန်း စစ်ပွဲသည် ယနေ့ဆိုလျှင် ၃၅ ရက် တိုင်ခဲ့ပြီ ဖြစ်သည်။ စစ်ပွဲအတွင်း ဖြစ်စဉ်များမှာ နောင်တစ်ချိန်တွင် ကမ္ဘာ့ သမိုင်း စာမျက်နှာထက်ဝယ် ကျန်ရစ်ခဲ့ပေလိမ့်မည်။ ယခုရက်ပိုင်းအတွင်း စစ်ပွဲအခြေအနေနှင့် နောက်ဆက်တွဲ အကျိုးသက် ရောက်မှုများကို အောက်ပါအတိုင်း တွေ့ရသည်။

တိုက်ခိုက်ရေး

  • ထိခိုက်မှုကြီးမားခဲ့သော ရုရှားတပ်ဖွဲ့များ ပြန်လည်စုစည်းရန်နှင့်ဖြည့်တင်းရန် ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံများသို့ တပ်ခေါက်ခဲ့ရကြောင်း ဗြိတိန်ထောက်လှမ်းရေးက ပြောသည်။
  • ယူကရိန်းနိုင်ငံအရှေ့ပိုင်း လိုင်ဆိုင်ချန်ဆက်မြို့ရှိ လူနေရပ်ကွက်များ အမြောက်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောသည်။
  • မိုင်ကိုလာဗစ်မြို့ရှိ အုပ်ချုပ်ရေး အဆောက်အအုံတစ်ခု ရုရှားဒုံးကျည်ထိမှန်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်။
  • ကိယက်ဗ်မြို့တော်တွင် ပေါက်ကွဲမှု အကြိမ်များစွာ ရှိခဲ့ကြောင်း ယူကရိန်းသတင်းဌာနတစ်ခုက ဖော်ပြသည်။

ဆွေးနွေးပွဲများနှင့် သံခင်းတမန်ခင်း

*****************************

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ ဆွေးနွေးပွဲအပြီးတွင် ရုရှားက ကိယက်ဗ်နှင့် အရှေ့မြောက်ပိုင်း ချာနီဟစ်မြို့ တိုက်စစ် ဆင်ရေး လျှော့ချမည်ဟု ကတိပြုခဲ့သည်။ ယူကရိန်းဘက်ကလည်း ရက်သတ္တ ၅ ပတ်ကြာ စစ်ပွဲအရှိန် လျော့အောင် ကူညီဖို့ ယုံကြည်မှု တည်ဆောက်ရေး ခြေလှမ်းများ၌ ကြားနေရပ်တည်ချက် ချမှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားစေ့စပ်ညှိနှိုင်းရေးအဖွဲ့ အကြီးအကဲ ဗလာဒီမာမီဒင်စကီးက “ဒါဟာ အပစ်အခတ်ရပ်စဲရေး မဟုတ်ပေမယ့် ဒီတွေ့ဆုံ မှုတွေကနေ အနည်းဆုံးတော့ ပဋိပက္ခအရှိန် လျော့ကျအောင် ဖြည်းဖြည်းချင်း တက်လှမ်းဖို့က ကျနော်တို့ရဲ့ဆန္ဒပါပဲ” ဟု ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးကတော့ “မြေပြင် ဖြစ်ပျက်နေပုံတွေနဲ့ ရုရှားရဲ့ပြောပုံဆိုပုံတွေက မကိုက်ညီ တဲ့အတွက် ယုံကြည်စရာ အကြောင်းမရှိဘူးလို့” ပြောကြားခဲ့သည်။

ရုရှားဘက်မှ ကြေညာချက်ကို အမေရိကန်နှင့်ဗြိတိန်တို့ကလည်း သံသယရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“သူတို့ရဲ့လုပ်ရပ်တွေ မတွေ့ရ မချင်း စဉ်းစားစရာပဲဗျ” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မှတ်ချက်ချခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ဖေဖော်ဝါရီ ၂၄ ရက် မော်စကိုကျူးကျော်စစ် စတင်ပြီးနောက် ၎င်း၏ ပထမဆုံး ခရီးစဉ်အဖြစ် တရုတ်သို့ သွားရောက်ခဲ့သည်။

အရပ်သား အသေအပျောက်

***************************

စစ်ပွဲ စတင်ချိန်မှစ၍ ယူကရိန်းတွင် အရပ်သားသေဆုံးမှု ၁,၁၇၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်ထပ် အရပ်သား ၁,၈၆၀ ဦး ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ပြောသည်။ အမှန်တကယ် အသေအပျောက် အရေအတွက်မှာ ထိုအရေအတွက်ထက် ပိုများကြောင်း ယူဆရသည်။

ရုရှားတပ်များ အဝိုင်းခံထားရသော မာရီယူပေါ်လ်မြို့ အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာကြောင်း နိုင်ငံတကာကြက်ခြေနီ ကော်မတီ (ICRC) က သတိပေးသည်။

“ကျနော်တို့ မျက်မြင်တွေ့နေရသည့် သေဆုံးမှု၊ ပျက်စီးမှုနှင့် နာကျင်ခံစားရမှု အဆင့်သည် အရပ်သားများအပေါ် ရက်စက် ကြမ်းကြုတ်မှုဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိပါ” ဟု ICRC က ထုတ်ပြန်ခဲ့သည်။

စီးပွားရေး

**********

ရှယ်ယာဈေးကွက်များနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေချေးငှားမှုဆိုင်ရာ ကိစ္စရပ်များသည် ဆွေးနွေးပွဲများ တိုးတက်မှု လက္ခဏာများ အနေဖြင့် မြင်တွေ့ရသည်။ ယူကရိန်း ငွေချေးစာချုပ်များနှင့် ရုရှားရူဘယ်တို့ ဈေးကစားနေဆဲရှိသော်လည်း ကမ္ဘာ့ရေနံဈေး ပြန်လည် ကျဆင်းလာခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ဘိလပ်မြေ ထုတ်လုပ်မှု လုပ်ငန်းဖြစ်သည့် Holcim က ရုရှားဈေးကွက်ကို ကျောခိုင်းတော့မည်ဟု ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံက ရုရှားသို့ တန်ဖိုးကြီး မော်တော်ယာဉ်နှင့် ဇိမ်ခံပစ္စည်းများ တင်ပို့များကို ကန့်သတ်မည်ဖြစ်သည်။

အလားတူ ဂျာမနီနိုင်ငံကလည်း ရုရှားထံမှ ရုပ်ကြွင်းလောင်စာဆီ တင်သွင်းမှုအားလုံးကို ရပ်တန့်ရန် လိုလားနေသည်။

Source: Aljazeera