CNI International News

ဖနွမ်ပင်၊ ဧပြီ ၁

ဘေဂျင်းသည် အမေရိကန်နှင့် ပြိုင်ဆိုင်မှုတိုးလာပြီး တင်းမာနေစဉ် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့် လုပ်ဆောင်လျက်ရှိရာ ကမ္ဘောဒီးယားစစ်တပ်နှင့် တရုတ်တို့ တပ်အချင်းချင်း နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ ကြကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြသည်။

မတ်လ ၃၁ ရက်တွင် ၎င်းတို့စစ်တပ်နှစ်ခုမှ မြေပြင်တပ်ဖွဲ့ အသီးသီး၏ အကြီးတန်းတပ်မှူးသည် ဗွီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေး ကြပြီး သဘောတူညီချက် ရရှိခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ အကြီးတန်း ဗိုလ်မှူးကြီး Wu Qian က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းတို့ချင်း ရရှိခဲ့သော သဘောတူညီချက် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

“တရုတ်နဲ့ ကမ္ဘောဒီးယားတို့ဟာ ရင်းနှီးတဲ့ အိမ်နီးချင်းတွေ ဖြစ်ကြပြီး ချစ်ကြည်ရေး ခိုင်မာကြတဲ့ မိတ်ဆွေတွေ ဖြစ်ကြပါ တယ်။ မကြာသေးတဲ့ နှစ်တွေအတွင်းမှာ မဟာဗျူဟာမြောက် ဆက်ဆံရေး၊ ပူးတွဲစစ်ရေး လေ့ကျင့်ရေးနဲ့ ဖလှယ်မှုတွေ နယ်ပယ်အသီးသီးမှာ တပ်နှစ်တပ်ကြား လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ သဘောတူစာချုပ်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်းတပ်မှူး ဗိုလ်ချုပ်ကြီး Lui Zhenli နှင့် ကမ္ဘောဒီးယားဘုရင့်တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟွန်မာနက်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်စစ်တပ်ကို တွေ့ရစဉ်(AFP)

ဟွန်မာနက်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ သားဖြစ်ပြီး ၎င်းကို လက်ရှိ အာဏာရပါတီက အနာဂတ် ခေါင်းဆောင်အဖြစ် ထောက်ခံထားသည်။ ၎င်းသည် ဝက်စ်ပွိုင့်ရှိ အမေရိကန် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်သည် ၎င်း၏ စစ်သင်္ဘောများကို ဩစတြေးလျ ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၀၀) အကွာရှိ ဆော်လမွန် ကျွန်းစုနှင့် လုံခြုံရေးဆိုင်ရာ စာချုပ်ချုပ်ရန် ပြင်ဆင်ရေးဆွဲနေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ကမ္ဘောဒီးယားနှင့် တပ်အချင်းချင်း သဘောတူညီချက် လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

တရုတ်၏ စစ်ရေးလှုပ်ရှားမှုများမှာ တောင်ပစိဖိတ် ဒေသလုံခြုံရေးအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ကြောင်း ဩစတြေးလျနှင့်နယူးဇီလန်တို့မှ ဝန်ကြီးများက ပြောကြားခဲ့သည်။

ဘေဂျင်းသည် ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များကို ထိုင်းပင်လယ်ကွေ့တွင်လည်း Ream ရေတပ် အခြေစိုက်စခန်း အစိတ် အပိုင်းများ သီးသန့် အသုံးပြုခွင့်ပြုရန် လျှို့ဝှက် သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့သေးရာ အမေရိကန်နှင့် ကမ္ဘောဒီးယားတို့အကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့သည်။

အဆိုပါ သတင်းများကို တရုတ်စစ်တပ်က ငြင်းဆိုထားသော်လည်း ဘိုင်ဒန်အစိုးရက နိုဝင်ဘာလတွင် အခြေစိုက် စခန်းနှင့် ပတ်သက်၍ အကျင့်ပျက် ခြစားမှုများ ရှိနေသည်ဟု အကြောင်းပြလျက် ကမ္ဘောဒီးယား ထိပ်တန်း စစ်အရာရှိ နှစ်ဦး အပါအဝင် ၎င်းတို့နှင့်ပတ်သက်သော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

Source: AFP, Bangkok Post