CNI International News

မော်စကို၊ ဧပြီ ၁

နိုင်ငံခြားဝယ်လက်များအနေဖြင့် ရုရှားဆီကနေ ဝယ်ယူသည့်ဓာတ်ငွေ့များကို ရုရှားသုံး ရူဘယ်ငွေဖြင့်သာ ယခုဧပြီလဆန်း ၁ ရက်မှစတင်၍ ပေးချေကြဖို့ အမိန့်တစ်ရပ်အား ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ်လ ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း အယ်လ်ဂျာဇီးယားက သတင်းဖော်ပြသည်။

ထိုသို့ ငွေပေးချေမှုမပြုလျှင် အရောင်းအဝယ် စာချုပ်များကို ရုရှားဘက်မှ ရပ်ဆိုင်းမည်ဖြစ်သည်။

“ရုရှားဆီကနေ သဘာဝဓာတ်ငွေ့ ဝယ်ဖို့အတွက် ရုရှားဘဏ်တွေမှာ ရူဘယ်ငွေကြေးနဲ့ စာရင်းလာဖွင့် ပေးရမယ်။ မနက်ဖြန် စပြီးတော့ အဲဒီ ဘဏ်စာရင်းတွေကပဲ ဓာတ်ငွေ့ဖိုး ပေးချေတဲ့ငွေတွေကို လက်ခံသွားမှာပါ” ဟု ပူတင်က ရုပ်သံလိုင်းမှနေ၍ သဘောထားမှတ်ချက် ကြေညာခဲ့သည်။

“ဒီလို ပေးချေမှုမျိုး မလုပ်ရင်တော့ ဒါကို ဝယ်သူတွေဘက်က ပုံသေအစိတ်အပိုင်းလို့ပဲ နောက်ပိုင်း အကျိုးဆက်အနေနဲ့ ကျနော်တို့ မှတ်ယူမှာ ဖြစ်ပါတယ်။ အလားတူ တခြားဘယ်အရာမဆို ဘယ်သူကမှ ကျနော်တို့ကို အလကား လာပေးတာ မရှိ ပါဘူး။ ကျနော်တို့လည်း ပရဟိတအလှူကြီးပေးတာ မဟုတ်ဘူး။ ဆိုလိုချင်တာ ဒါတွေ မလိုက်နာလိုက်ရင် ရှိပြီးသားတွေ အရောင်းအဝယ်စာချုပ်တွေ ရပ်သွားမှာပဲ ဖြစ်ပါတယ်” ဟု ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

ဥရောပ၏ ဓာတ်ငွေ့လိုအပ်ချက် သုံးပုံတစ်ပုံခန့်ကို ရုရှားထံမှ ဝယ်ယူနေရခြင်းကြောင့် ယူကရိန်းသို့ ကျူးကျော်မှုအတွက် အနောက်အုပ်စု ပိတ်ဆို့မှုများအပေါ် ပြန်လည်တွန်းလှန်ရန် ကြိုးပမ်းနေစဉ်အတွင်း ပူတင်၏ ကိုင်တွယ်ဖြေရှင်းမှုမှာ စွမ်းအင် ကဏ္ဍ၌ အပြင်းထန်ဆုံး လက်သံပြောင်လာခဲ့သည်။

ရုရှား ဓာတ်ငွေ့ပိုက်လိုင်း (GETTY IMAGES)


ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်စစ် စတင်ပြီးနောက် ရုရှားရူဘယ်ငွေကြေးသည် သမိုင်းဝင်အနိမ့်ဆုံး ထိုးကျသွားခဲ့သော်လည်း ယခုအခါ ရူဘယ်ငွေပေးချေမှု ကျင့်သုံးရန် ပူတင်၏ ဆုံးဖြတ်ချက်နှင့်အတူ ငွေကြေးတန်ဖိုးမှာ ပြန်လည် ကောင်းမွန်လာခဲ့ သည်။

ပူတင်၏ အပြောင်းအလဲ လုပ်ရပ်သည် ယူရို (သို့မဟုတ်) ဒေါ်လာဖြင့် သတ်မှတ်ချုပ်ဆိုထားသော လက်ရှိ အသက်ဝင်ဆဲ စာချုပ်များကို ချိုးဖောက်မှုသာဖြစ်ကြောင်း အနောက်အုပ်စုကုမ္ပဏီများနှင့် အစိုးရများက ပြောကြား၍ ပယ်ချခဲ့ကြသည်။

ပြင်သစ်နှင့်ဂျာမနီတို့သည် ရုရှားဓာတ်ငွေ့ စီးဆင်းမှုကို ရပ်တန့်စေရန် ဖြစ်နိုင်ခြေရှိသည့် အခြေအနေ တစ်ရပ်အတွက် ပြင်ဆင်နေကြောင်း ပြင်သစ်စီးပွားရေးဆိုင်ရာဝန်ကြီးက ပြောကြားခဲ့ရာ ဥရောပသည် စွမ်းအင်အကျပ်အတည်းထဲသို့ လုံးဝ ကျရောက်သွားနိုင်သည့် အလားအလာ ဖြစ်ပေါ်နေသည်။

ပူတင် လက်မှတ် ရေးထိုးပေးလိုက်သည့် အမိန့်တွင် ဝယ်ယူသူများအနေဖြင့် ရုရှားဘဏ်ထဲရှိ အထူးသီးသန့် စာရင်းတစ်ခုထဲ သို့ နိုင်ငံခြားငွေလွှဲပို့ရန် အစီအမံတစ်ခုကို ချမှတ်ထားပြီး ထိုမှတဆင့် ဓာတ်ငွေ့အတွက် နိုင်ငံခြားဝယ်သူထံသို့ ရူဘယ် ငွေကြေးဖြင့် ပေးချေမှု ရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုအစီအမံသည် ရုရှား၏ အချုပ်အခြာအာဏာ ခိုင်မာစေဖို့ ရည်ရွယ်လျက် စာချုပ်အားလုံးတွင် ပါဝင်ရှိသည့် ရုရှားအစိုးရ ဘက်မှ ဝတ္တရားများကို ဆက်လက် လိုက်နာသွားမည်ဖြစ်ကြောင်း ပူတင်က ရှင်းပြခဲ့သည်။

Source: Aljazeera