CNI International News

မော်စကို၊ ဇူလိုင် ၁၀

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) သည် ဇူလိုင် ၉ ရက်တွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင် (Putin) နှင့် ကာကွယ်ရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပထဝီနိုင်ငံရေး အခြေအနေတို့နှင့်ပတ်သက်ပြီး ဆွေးနွေး သွားမည်ဟု ရုရှား၏ United Russia ပါတီ ဒုတိယအကြီးအကဲ အက်ဘ်ဟေး ကူမာ ဆင်း (Abhay Kumar Singh) က ပြောကြားခဲ့ကြောင်း economic times မှ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် မိုဒီ၏ ရုရှားခရီးစဉ်ကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ကတည်းက စောင့်ဆိုင်းခဲ့ရသော်လည်း ခရီးစဉ် မဖြစ်မြောက်ခဲ့ကြောင်း၊ မိုဒီကို သမ္မတပူတင် သာမက ရုရှားပြည်သူများကပါ စောင့်ဆိုင်းနေကြောင်း ဆင်းက ပြောသည်။

“ပြည်သူတွေက သူ့ရဲ့ ခရီးစဉ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းခဲ့တာပါ”ဟု ရုရှား၏ ကာ့စ် (Kursk) မြို့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် အိန္ဒိယဖွား ရုရှားနိုင်ငံသား ဆင်းက ပြောကြားခဲ့သည်။

အက်ဘ်ဟေးကူမာဆင်းကို တွေ့ရစဉ်

ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲအတွင်း ကာကွယ်ရေး သဘောတူညီချက်များ အပါအဝင် ကြီးမားသည့် ကမ္ဘာလုံး ဆိုင်ရာ အရေးကိစ္စများ လွှမ်းခြုံပါဝင်မည့် ဆွေးနွေးမှုများနှင့် သဘောတူညီမှုများကို အာရုံစိုက် ဆွေးနွေးသွားလိမ့် မည်ဟု ဆင်းက ပြောကြားခဲ့သည်။

“ရုရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ BrahMos (စူပါဆောနစ် ခရုဇ်ဒုံးကျည် အမျိုးအစား) စီမံကိန်းဟာ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့နေပါတယ်။ အလားတူပဲ အိန္ဒိယမှာ ရုရှားလက်နက်တွေကို ထုတ်လုပ်ပြီးတဲ့နောက် ကာကွယ်ရေးသဘောတူ စာချုပ်အချို့ ချုပ်ဆိုပါလိမ့်မယ်” ဟု ဆင်းက ပြောကြားခဲ့သည်။

မိုဒီနှင့်ပူတင်တို့သည် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဟိန္ဒူရုပ်ရှင်ကား များသည် အတိတ်ကာလက ဆိုဗီယက်ယူနီယံနှင့် လက်ရှိ ရုရှားနိုင်ငံတွင် အလွန်လူကြိုက်များခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂ နှစ်အတွင်း ရုရှားတွင် အိန္ဒိယရုပ်ရှင်ကားများ ပျံ့နှံ့ဝင်ရောက်ခဲ့ကြောင်း ဆင်းက ပြောကြားခဲ့သည်။

စီးပွားရေးကဏ္ဍတွင်လည်း ရူပီး-ရူဘယ် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

မိုဒီနဲ့ ပူတင်ကို တွေ့ရစဉ်

သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါကဲ့သို့ အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများသည် အိန္ဒိယရူပီးကို လက်တွေ့ကျကျနှင့် ထိရောက်စွာ အသုံးပြုလိမ့်မည်ဖြစ်သည်။

ထို့နောက် ဘယ်လာရုစ်နှင့် ကာဇက်စတန်ကဲ့သို့ ရုရှား၏ အနိမ်နီးချင်း နိုင်ငံများသည်လည်း ရုရှား၏ ရူဘယ် ငွေကြေးကို လက်တွေ့ကျကျ ထိရောက်စွာ အသုံးပြုလိမ့်မည်ဟု ဆင်းက ပြောသည်။

ထို့ပြင် မိုဒီနှင့် ပူတင်တို့၏ ဆွေးနွေးမှုကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပြီး ဆွေးနွေးပွဲ ရလဒ်များသည် တစ်ကမ္ဘာလုံးက အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်ရကြောင်း ဆင်းက ပြောကြားခဲ့သည်။

Source: Economic Times