CNI International News

ဘေကျင်း၊ ဇူလိုင် ၁၀

အလွန်ရှေးကျသည့် စစ်ဘက်ဆိုင်ရာ အတွေးအခေါ်များထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLAကို ပြုပြင်ပြောင်းလဲရန် ပျက်ကွက်မှုသည် မျက်မှောက်ခေတ် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျမှုမရှိကြောင်း ကျွမ်းကျင်သူများက ယူဆထားကြသည်ဟု Asia Times မှ ဖော်ပြခဲ့ သည်။

လတ်တလောတွင် PLA သည် မျက်မှောက်ခေတ် စစ်ပွဲကို တိုက်ခိုက်နိုင်မည်လား၊ မည်ကဲ့သို့ တိုက်ခိုက်သွားမည် နည်း၊ ကိုရီးယားစစ်ပွဲတွင် လူအင်အားလှိုင်းလုံးဖြင့် ဝင်ရောက်တိုက်ခိုက်သည့် တရုတ်သည် ဗီယက်နမ်စစ်ပွဲ၌ ပျောက်ကြားစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် ဗီယက်နမ်စစ်သားများကို အကြံပေးခဲ့သော်လည်း မျက်မှောက်ခေတ် စစ်ပွဲတွင် မည်ကဲ့သို့ စွမ်းဆောင်နိုင်မည်နည်း အစရှိသည့် မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။

တရုတ်ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သည့် တရုတ်စစ်ဗိုလ်ချုပ်ကြီး ဟီဝေတုံ (He Weidong) က စစ်တပ် အတွင်း ဟန်ပြတိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို ဝေဖန်ရှုတ်ချခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိ သည်။

တရုတ်စစ်ဗိုလ်ချုပ်ကြီး ဟီဝေတုံကို တွေ့ရစဉ်

ထို့ပြင် မကြာသေးမီက တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်း ၂ ဦး၏ အဂတိလိုက်စားမှု အရှုပ်တော်ပုံကလည်း PLA ၏ ဂုဏ်သိက္ခာအတွက် အမည်းစက်ဖြစ်ခဲ့သည်။

ကန်နက်သ် အလန် (Kenneth Allen) ကဲ့သို့ ပြည်ပမှ စစ်ရေးကျွမ်းကျင်သူများကမူ PLA တွင် အားနည်းချက်များ ရှိနေသည်ဟု ယူဆထားကြသည်။ 

အလန်ကမူ PLA နှင့်ပတ်သက်ပြီး ၎င်း၏ လေ့လာတွေ့ရှိချက်များကို တင်ပြခဲ့သည်။

PLA သည် တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရများကို ၂ နှစ်ကြာ စစ်မှုထမ်းကာလအဖြစ် ခေါ်ယူခဲ့ပြီး ကျွမ်းကျင် ပညာရှင်များကိုလည်း တိုက်ရိုက်ခေါ်ယူကာ တပ်သားသစ် စုဆောင်းခဲ့သည်ဟု အလန်က ပြောသည်။

စစ်တပ်အတွင်း စစ်မှုထမ်းများ အဝင်/အထွက် နှုန်းထားသည် နှစ်စဉ်ပြုလုပ်သည့် စစ်သင်တန်းပေးသော ကာလကို ထိခိုက်စေခဲ့ပြီး တပ်ရင်းတပ်ဖွဲ့များသည် တစ်ခါတစ်ရံတွင် စစ်မှုထမ်း အများအပြားအား သင်တန်းသို့ ပို့ဆောင်ထားရသဖြင့် တန်းပြည့်စစ်မှုထမ်းမရှိသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။

တရုတ်စစ်တပ်ကိုတွေ့ရစဉ်

၁၉၉၉ ခုနှစ်တွင် အမျိုးသားကာကွယ်ရေး ကျောင်းသားအစီအစဉ်ကို ပယ်ဖျက်ခဲ့ပြီး အရာရှိ အင်အားကို ပြောင်းလဲ ခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် ဗိုလ်သင်တန်းကဲ့သို့ ပညာရေးအင်စတီကျူးရှင်းများမှ ကျောင်းဆင်းသည့် အရာရှိ အရေအတွက်သည် ၆၃ ဦးမှ ၃၄ ဦးအထိ ကျဆင်းသွားခဲ့သည်ဟု အလန်က ပြောသည်။

စစ်မှုထမ်း အမျိုးသားများသည် အသက် ၂၅ နှစ်၊ အမျိုးသမီးများသည် အသက် ၂၃ နှစ်မှသာ လက်ထပ်ကြလေ့ ရှိသဖြင့် တရုတ်၏ တပ်သားသစ်စုဆောင်းမှုတွင် ပါဝင်သူ အားလုံးနီးပါးသည် လက်မထပ်ရသေးသည့် စစ်မှုထမ်းများဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုအချက်များအပြင် လက်နက်ခဲယမ်းနှင့် စစ်တပ်၏ပုံစံကို အဆင့်မြှင့်တင် မွမ်းမံမှုများတွင် ပြဿနာအချို့ ရှိနေ သဖြင့် လာမည့် ဆယ်စုနှစ်၌ PLA သည် ကြီးမားသည့် အပြောင်းအလဲများကို လုပ်ဆောင်ဖွယ်ရှိနေသည်ဟု အလန်က ပြောကြားခဲ့သည်။

Source: Asia Times