CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀

ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ကိုးကန့်ဒေသ၏ ပြင်ပကိုပါ တိုက်ခိုက်ပြီး နယ်မြေချဲ့ထွင်လာကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၉ ရက်နေ့မှာ သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

MNDAA သည် ကိုးကန့်နယ်မြေ အထူးဒေသ (၁) ရရှိရေးကို လုပ်ဆောင်လာကြောင်း၊ ထို့အတူ NUG နှင့် တွေ့ဆုံ ဆွေးနွေးမှုများ၊ NUG ၏ အသံကို လိုက်၍ ပြောဆိုမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “MNDAA ဟာ ကိုးကန့်နယ်မြေ အထူးဒေသ (၁) ရရှိရေးဆိုပြီး လုပ်ဆောင်လာပါတယ်။ အကြမ်းဖက် NUG အဖွဲ့နဲ့ တွေ့ဆုံပြီး သူတို့ နယ်မြေကို လိုက်ပြတာတွေ၊ ဆွေးနွေးတာတွေ လုပ်ဆောင်လာတဲ့ အပြင် ကိုးကန့်ဒေသရဲ့ ပြင်ပကိုပါ ဆက်လက်နယ်မြေချဲ့ထွင် တိုက်ခိုက်လာတာ တွေ့ရပါတယ်။ NUG အဖွဲ့ရဲ့ အသံကိုလိုက်ပြီး ပြောကြားနေတာကိုလည်း တွေ့ရပါတယ်။ ကိုးကန့်နယ်မြေထဲက ကလေးငယ်များပါမကျန် လူသစ်စုဆောင်းတာတွေ၊ ကိုးကန့်ဒေသအတွင်းမှာ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ ဗမာအပါအဝင် တိုင်းရင်းသား အလုပ် သမားတွေကို ဖမ်းဆီးပြီး MNDAA ထဲကို သွင်းပြီး တိုက်ပွဲဝင်ခိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စာသင်ကျောင်း တွေကို ပိတ်ပစ်တာတွေ၊ ပညာသင်ကြားမှု ပိတ်ပင်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA) တို့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လောက်ကိုင်၊ ကုန်ကြမ်း၊ သိန္နီ၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်နှင့် ကွမ်လုံ စသည့် မြို့နယ်များကို MNDAA က သိမ်းပိုက်ရရှိထားသည်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ကို MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က လာရောက် တိုက်ခိုက်နေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှု ပြဿာနာ ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အချိန်ယူရမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဟာက အဲဒီလိုဖြစ်တယ်၊ နယ်မြေလုတဲ့ဟာတွေ ဖြစ်နေတယ်၊ “ဝ”ကလည်း ချဲ့ချင်တယ်၊ အဲဒီလို လည်း ဖြစ်တယ်၊ တအာင်းကလည်း နယ်မြေတွေပြောတယ်၊ နောက်တစ်ခါ SSPP တို့ ဘာတို့ကလည်း ပြောတယ်၊ အဲဒီမှာ နယ်မြေတွေက အဲဒီ ပြဿနာတွေ အများကြီးဖြစ်နေတယ်၊ ဖြစ်နေတော့ အဲဒါတွေက တော်တော် ရှင်းယူ ရမယ်၊ ဒီမိုကရေစီရရင်တောင်မှ အဲဒီဟာတွေက တော်တော်ရှင်းယူရဦးမယ်၊ အဲဒီလိုဖြစ်တာပေါ့နော်၊ အဲဒါဟာ ကတော့ အနာဂတ်မှာ စောင့်ကြည့်ရမှာပါတယ်၊ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ဘာတို့ကတော့ သူတို့ကတော့ ပြောမှာ ပေါ့၊ တဖက်ကနေပြီးတော့ နိုင်ငံရေး၊ စစ်ရေးပရိယာယ်အရ ထိုးခွဲရမယ့် စိတ်ဓါတ်စစ်ဆင်ရေး ဗျူဟာလည်း သူတို့ က ကျင့်သုံးမှာဆိုတော့ သူတို့ ပြောတာတွေတော့ အမှန်လို့ သွားယူလို့ မရဘူး။ သူတို့ချင်း ရှင်းကြလိမ့်မယ်လေ၊ သူတို့သူတို့ နားလည်ပြီးသားပဲ၊ သူလည်း သေနတ်နဲ့ ကိုယ့်လည်း သေနတ်နဲ့ဆိုတော့ အဲဒီဟာကတော့ သူတို့ စေ့စပ်ဆွေးနွေးပြီးတော့ သူတို့ အဖြေရှာကြရမှာပေါ့နော်၊ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိ လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် MNDAA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ များကြောင့် ဒေသခံသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ လောက်ကိုင်နှင့် ကုန်းကြမ်းမြို မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ အထူးဒေသ (၁) အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။