CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံမှာ ယခုလအတွင်း ကျင်းပမည့် မြန်မာ့အရေး ဆွေးနွေးပွဲ ၂ ခုကို နစကမှ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။
ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ၂ ခုကို ထိုင်းက ဦးဆောင် ကျင်းပသွားမည်ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီလ ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံများ အစည်းအဝေး ကိုတော့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးစီးပြီး တက်ရောက်သွားမှာဖြစ်ပါတယ်”ဟု ပြော သည်။
ထိုအစည်းအဝေး ၂ ခုကို တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများကလည်း တက်ရောက်မည် ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိကတော့ နယ်စပ်ရေးရာ ကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော် မှုကင်း ကိစ္စတွေနဲ့ ပတ်သက် ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသ မှုကင်းများ ပူးပေါင်းတိုက်ဖျက် နိုင်ရေး အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းဖြစ်ကာ နိုင်ငံတစ်ဝန်း စစ်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား နေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများလည်း အခက်အခဲတွေ့နေကြရသည်။
ထို့ကြောင့် မြန်မာ့အကျပ်အတည်း ကျော်လွှားနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများက ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် အစည်းအဝေး ၂ ခု ကျင်းပ၍ အဖြေရှာကြမည်ဖြစ်သည်။
အလားတူ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြသေးသည်။