CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၀ 

ထိုင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ် (Thaksin Shinawatra) သည် အကျဉ်းချခံခဲ့ရချိန်က ရဲတပ်ဖွဲ့ဆေးရုံ တွင် ဆေးဝါးကုသမှုခံယူနေချိန်အတွင်း ရဲတပ်ဖွဲ့အကြီးအကဲဟောင်းနှင့် တွေ့ဆုံခဲ့သည့် သတင်းများကို စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် ဒီမိုကရက် လွှတ်တော်အမတ်ဟောင်းတစ်ဦးက တိုက်တွန်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

အငြိမ်းစား ရဲချုပ် ဆာရီးပီဆွတ် တီမီယာဗက်စ် (Sereepisuth Temeeyaves) သည် ရဲတပ်ဖွဲ့ဆေးရုံ၏ ၁၄ လွှာ တွင် ဆေးဝါးကုသမှု ခံယူခဲ့သည့် သက်ဆင်ဆီသို့ သွားရောက်ခဲ့ကြောင်း မီဒီယာနှစ်ခုကို ပြောကြားခဲ့သည်ဟု လွှတ်တော်အမတ်ဟောင်း သက်ပ်တိုင် ဆီအန်နာပွန်း (Theptai Seanapong) က ပြောကြားခဲ့သည်။

၎င်းတို့ ၂ ဦး၏ တွေ့ဆုံမှုတွင် ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavsin)ကို အမျိုးသား အဂတိလိုက်စား မှုတိုက်ဖျက်ရေးအဖွဲ့ (NACC) ထံ တင်သွင်းထားသည့် တိုင်ကြားစာကို ပြန်လည်ရုပ်သိမ်းပေးရန် သက်ဆင်က ဆာရီးပီဆွတ်အား တိုက်တွန်းခဲ့သည်ဟု ဆီအန်နာပွန်းက ပြောသည်။

ဆရီသာသည် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲသစ်အဖြစ် ရဲချုပ် တော်ဆက် ဆွတ်ဝီမိုလ် (Torsak Sukvimol) ကို ခန့်အပ်ခဲ့ချိန်တွင် အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု ဆာရီးပီဆွတ်က NACC ကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုအမှုသည် NACC ထံ ရောက်ရှိသွားနှင့်ပြီးဖြစ်ကြောင်း ဆာရီးပီဆွတ်က သက်ဆင်ကို ပြောကြားခဲ့သည်။

ထိုင်း၀န်ကြီးချုပ် ဆရီသာကို တွေ့ရစဉ်

သို့သော်လည်း သက်ဆင်က ထိုအမှုကို သူနှင့် NACC အား ကိုင်တွယ်ဖြေရှင်းခွင့်ပေးရန် ပြောကြားခဲ့သည်ဟုလည်း ဆာရီးပီဆွတ်က မီဒီယာများကို ပြန်လည်ပြောကြားခဲ့သည်။

“အရင်ဝန်ကြီးချုပ် ခွန် ယင်းလပ် (Khun Yingluck) ကလည်း သူ့အစ်ကို သက်ဆင်လိုပဲ ကျနော့်ကို တယ်လီဖုန်း ဆက်ပြီး တိုင်ကြားစာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟု ဆာရီးပီဆွတ်က ပြောသည်။

ဆာရီးပီဆွတ်၏ ပြောကြားချက်များအရ သက်ဆင်သည် အကျဉ်းချခံထားရစဉ် ကျန်းမာရေး အကြောင်းပြချက် ဖြင့် ရဲတပ်ဖွဲ့ဆေးရုံတွင် ကုသမှုခံယူခဲ့ရသော်လည်း ထိုအချိန်က သက်ဆင်သည် အလွန် နာမကျန်းဖြစ်နေပုံ မပေါ်ကြောင်း ဆီအန်နာပွန်းက ပြောသည်။

“ဒီဖြစ်စဉ်အရ သက်ဆင်နဲ့ ယင်းလပ်တို့ဟာ ဒီအစိုးရနောက်ကွယ်မှာ ဩဇာလွှမ်းမိုးနေတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာကို ဖော်ပြရာ  ရောက်နေပါတယ်။ သူတို့က ဒီအစိုးရကို ထိန်းချုပ်နေသူတွေပါ” ဟု ဆီအန်နာပွန်း က ပြောကြားခဲ့သည်။

ဆရီသာသည် သက်ဆင်မိသားစု၏ လက်အောက်ခံတစ်ဦးမျှသာဖြစ်သည်ဟုလည်း ဆီအန်နာပွန်းက ပြောကြား ခဲ့သည်။

Source: Thai PBS World