CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ ထုတ်ပြန်ချက်အမှတ်(၀၆/၂၀၂၄)ပါ စွပ်စွဲချက်များ သည် ကလေးကလားဆန်သည့် စွပ်စွဲချက်များသာဖြစ်သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဇူလိုင် ၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

TNLA ၏ ထုတ်ပြန်ချက်ပါ “ SSPP ဗဟိုခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိပေးသည့် အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များ၏ နှောင့်ယှက်မှုအမျိုးမျိုး ဆက်တိုက်ကျူးလွန်နေသည်”ဆိုသည်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း၊ စင်စစ်အားဖြင့် မည်သည့် SSPP/SSA ဗဟိုခေါင်းဆောင်မှ မဟာမိတ် တပ်ဖွဲ့များအား ထိပါးနှောင့်ယှက်ရန် အမိန့်ပေးစေခိုင်းထားခြင်းမရှိကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။

SSPP ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့နောက် “SSPP/SSA တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကိုခံရပြီး ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ် ခြင်းခံခဲ့ရသည်”၊ “PSLF/TNLA စစ်ဦးစီးမှူး၏ နာမည်ပြောဆိုသံကြားရပြီး ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ် ဟူ၍ စကားပြောစက်မှ အမိန့်ပေးပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည်”၊ “စကစ စစ်စခန်းများ မကျဆုံးမီ SSPP ထံလွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက စကစ တပ်ဖွဲ့များကို သယ်ယူပို့ ဆောင်ပေးခြင်း၊ လမ်းကြောင်းထွက်ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်” စသည့် စွပ်စွဲချက်များမှာ ကလေးကလာဆန်သည့် စွပ်စွဲချက်များသာဖြစ်သည်ဟု SSPP က TNLA ကို တုန့်ပြန်ပြောကြားခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့က TNLA နှင့် SSPP အကြား ထိတွေ့တိုက်ပွဲ ၄ နေရာ ဖြစ်ပွားခဲ့သည် မှာ TNLA ဘက်က လာရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရသော တိုက်ပွဲများ သာ ဖြစ်သည်ဟု SSPP က ထုတ်ပြန်ပြောကြားခဲ့သည်။

SSPP ထုတ်ပြန်ချက်ကို တွေ့ရစဉ်

SSPP နှင့် TNLA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်ပြီး အငြင်းပွားနေသော အခြေအနေကို ဖြေရှင်း ပေးရန် ၂ ဖွဲ့စလုံးက FPNCC ကို စာပို့တောင်းဆိုထားသည်။

လတ်တလောတွင် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လှုပ်ရှားနေကြသည့် SSPP၊ ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့ဖြင့် နမ့်ခမ်း၊ ကွတ် ခိုင်၊ သိန္နီ၊ ကျောက်မဲ၊ သီပေါ စသည့်မြို့နယ်များအတွင်းမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသလို အုပ်ချုပ်ရေး အငြင်းပွားနေသည်။