CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့အကြား စစ်ရေးပဋိပက္ခ ဖြစ်လာစရာ အကြောင်းမရှိဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။

ယခုလ အစောပိုင်းမှာ SSPP နှင့် TNLA တို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါမြို့နယ်တို့တွင် တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်။

SSPP နှင့် TNLA တို့သည် မဟာမိတ်အချင်းချင်းဖြစ်ပြီး ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

TNLA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

၎င်းက “အဲဒီပြဿနာတွေကတော့ မဟာမိတ်အချင်းချင်းလည်း ဖြစ်တယ်၊ နောက်ပြီးတော့ FPNCC တစ်ဖွဲ့ထဲ အောက်မှာရှိနေတဲ့ ပြဿနာတွေ ဖြစ်တဲ့အတွက် FPNCC က ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်တော့ ယူဆပါ တယ်ခင်ဗျ၊ ဆိုလိုတာက အောက်ခြေမှာ ပဋိပက္ခအချို့ ရှိပေမယ့် ပြဿနာအကြီးကြီးအထိတော့ မဖြစ်နိုင်ဘူးလို့ ကျနော်တော့ ယူဆပါတယ်။ အဲဒီလို ကိစ္စတွေကတော့ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ ပထဝီ အနေအထားတွေလည်း ရှိတာကို၊ ရှမ်းတွေက မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ရှိတဲ့နေရာမှာ နေပြီးတော့ တောင်ပေါ် မှာကတော့ တအာင်းတွေ နေထိုင်တာ ဖြစ်တာကို၊ အဲဒီတော့ နေထိုင်မှုက ရောထွေးနေတယ်၊ ဒီအစဉ်အလာ ကြောင့် အခွန်ကောက်တာလည်း အတော်လေး ကာလတစ်ခုက ရှုပ်ထွေးခဲ့ပါတယ်၊ ဒါပေမဲ့ ပြဿနာ အကြီးကြီး မဟုတ်ပါဘူး။ ဖြေရှင်းလို့ရတဲ့ ပြဿနာ၊ အောက်ခြေမှာ ပဋိပက္ခအချို့ရှိပေမယ့် အဖွဲ့နှစ်ဖွဲ့ကြားထဲမှာ စစ်ရေး ပဋိက္ခတွေ ဖြစ်လာနိုင်စရာအကြောင်း သိပ်မရှိပါဘူး” ဟု ပြောသည်။

မိမိတို့ တပ်ဖွဲ့ကို TNLA က အစီအစဉ်ရှိရှိဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အခြေအနေများကို ကူညီထိန်းကြောင်းပေးဖို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ထံ SSPP က စာပေးပို့ တောင်းဆိုခဲ့သည်။

အလားတူ TNLA က ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေးကို SSPP က ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေမှုကို ကန့်ကွက်ကြောင်းနှင့် အဆိုပါ ကိစ္စရပ်များကို FPNCC က ကြားဝင်ဖြေရှင်းပေးရန် TNLA က ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့သည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင်ရန် SSPP မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစိုင်းဖုန်းဟန်နှင့် TNLA မှ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးတို့ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

SSPP ရဲ့ စာကိုတွေ့ရစဉ်

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားခဲ့သော ပြဿနာများကို ပူးပေါင်းပြီး ဖြေရှင်းကြသည်ကို တွေ့ရကြောင်း၊ ပြဿနာပြေလည်မှု မရှိပါက ပြည်သူများမှာ နေရထိုင်ရ ခက်ခဲကြောင်း ပလောင်နိုင်ငံရေးသမား ဦးကျော်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်ကတော့ဗျာ တိုက်ပွဲဘာညာလည်း ဖြစ်နေတဲ့အခါကြတော့ ပြည်သူလူထုကတော့ လောလောဆယ်က စစ်ရှောင်ရတဲ့ အနေအထားတွေ ရှိတယ်၊ ခုနလို သွားရေး လာရေးပေါ့ဗျာ၊ အလုပ်အကိုင် စီးပွားကအစ အားလုံးတော့ ဒါအနည်းနဲ့ အများတော့ ရိုက်ခတ်ကုန်ကြတာပေါ့၊ ဒါတွေကတော့ တိုက်ရိုက်တော့ သိခွင့်မရှိပါဘူး။ ကျနော်တို့လည်း ခုနပြောသလို သတင်းပေါ်မှာပဲ စောင့်ကြည့်ရတာပဲ၊ ခါတိုင်းပြဿနာလေးတွေ ဖြစ်ခဲ့ကြရင် သူတို့လက်နက်ကိုင် အချင်းချင်းဆိုတာတော့ နောက်ဆုံး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီး တော့မှ တစ်စုံတစ်ခု ဖြေရှင်းသွားတာပဲ တွေ့ရတာပဲလေ၊ မဟုတ်ရင်လည်း ပြည်သူတွေက ဒီကြားထဲမှာ နေရ ထိုင်ရ တအားခက်ခဲကုန်တာလေ” ဟု ပြောသည်။

လက်ရှိတွင်လည်း SSPP နှင့် TNLA တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေပြီး နယ်မြေအငြင်း ပွားမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။