CNI International News
အစ္စလာမ်မာဘက်၊ ဩဂုတ် ၁၅
ပါကစ္စတန်စစ်တပ်အတွင်း ဒုံးကျည်တိုက်ခိုက်ရေး စွမ်းဆောင်ရည်များအား ကြီးကြပ်ကွပ်ကဲမည့် တပ်ဖွဲ့သစ်ကို ထည့်သွင်းဖွဲ့စည်းသွားမည်ဟု ပါကစ္စတန်က ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတပ်ဖွဲ့အသစ်သည် သမားရိုးကျတိုက်ပွဲ ဖြစ်ပွားလာသည့် အချိန်တွင် ဒုံးကျည်တိုက်ခိုက်ရေး စွမ်းဆောင်ရည် များကို ကြီးကြပ်ကွပ်ကဲရမည် ဖြစ်သည်။
ကြည်းတပ် ဒုံးကျည်တပ်ဖွဲ့ဟု အမည်ပေးထားသည့် ထိုတပ်ဖွဲ့သစ် ဖွဲ့စည်းရေး အစီအစဉ်ကို ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) က ဩဂုတ် ၁၃ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်၏ ၇၈ နှစ်ပြည့် လွတ်လပ်ရေးနေ့ မတိုင်မီ တစ်ရက်အလိုဖြစ်သည့် ဩဂုတ် ၁၃ ရက်က အိန္ဒိယနှင့် ပဋိပက္ခဖြစ်ပွားမှု အထိန်းအမှတ်ပွဲ အခမ်းအနားတွင် ရှရစ်ဖ်က ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုတပ်ဖွဲ့သစ်ကို ခေတ်မီနည်းပညာများ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ရန်သူများကို ဘက်ပေါင်းစုံမှ ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ရှရစ်ဖ်က ပြောကြားခဲ့သည်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ်ကို တွေ့ရစဉ်
အဆိုပါ တပ်ဖွဲ့သစ် ထူထောင်မှုသည် မိမိတို့၏ သမားရိုးကျ စစ်ပွဲစွမ်းဆောင်ရည်ကို ထပ်မံမြှင့်တင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ထိုတပ်ဖွဲ့နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရှရစ်ဖ်က ပြောကြားခဲ့ခြင်း မရှိဘဲ ထိပ်သီး လုံခြုံရေး အရာရှိတစ်ဦးကမူ ထိုတပ်ဖွဲ့သည် သမားရိုးကျ စစ်ပွဲဖြစ်ပွားလာချိန်တွင် ဒုံးကျည်များ ဖြန့်ကြက် ချထားမှု၌ တိုက်ခိုက်မှုများအား ကိုယ်ပိုင် ကြီးကြပ်ခွင့်ရရှိလိမ့်မ်ဟု ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၇ ခုနှစ်က ဗြိတိန်လက်အောက်မှ လွတ်လပ်ရေး ရပြီးကတည်းက ပြိုင်ဘက်များဖြစ်ခဲ့ကာ ၎င်းတို့၏ စစ်တပ် စွမ်းဆောင်ရည်များကို အဆင့်မြှင့်တင်ခဲ့ကြသည်။
ယခုနှစ် ဧပြီလကလည်း အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပွားခဲ့ကာ မေလ၌ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ထို့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီး တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့သည်။
Source: ရိုက်တာ