CNI International News

ရူဘာယာ၊ ဩဂုတ် ၁၅

ကွန်ဂိုနိုင်ငံ၏ ရူဘာယာ (Rubaya) မြို့ကို ထိန်းချုပ်ထားသည့် M23 သူပုန်များသည် တွင်းထွက် သတ္တုမိုင်းများမှ ငွေကြေး အများအပြား ရရှိ၍ ဓနအင်အားကြွယ်ဝနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရူဘာယာမြို့တွင် ကော်လ်တန် သတ္တုရိုင်း (coltan ore) အများအပြား ထွက်ရှိနေသည်။ ထိုသတ္တုရိုင်းများ ထွက်ရှိသည့် သတ္တုတွင်းများကို M23 သူပုန်အဖွဲ့က ထိန်းချုပ်ထားသည်။

ကော်လ်တန်သည် မြေရှားသတ္တုများထဲတွင် မပါဝင်သော်လည်း မျက်မှောက်ခတ် ကမ္ဘာအတွက် အလွန်အသုံးဝင် သည့် သတ္တုများထဲ၌ ပါဝင်နေသည်။

မှောင်ခိုသမားများက ထိုသတ္တုများကို ဆိုင်ကယ်များဖြင့် တင်ဆောင်ကာ ပြင်ပနိုင်ငံများမှ အမည်မဖော်သည့် ကုန်သည်များထံသို့ ရောင်းချနေကြပြီး အာရှအထိပင် တင်ပို့ရောင်းချနေကြသည်။

 M23 သူပုန်အဖွဲ့ကို တွေ့ရစဉ်

ကောလ်တန်သတ္တုရိုင်းကို သန့်စင်ပြီးနောက် တန်တာလမ် (tantalum) အမည်ရှိ သတ္တုကို ထုတ်ယူခြင်းဖြစ်သည်။

တန်တာလမ်သည် အပူဒဏ်ခံနိုင်သည့် သတ္တုအမျိုးအစားဖြစ်ကာ ၁ ကီလိုဂရမ်ကို ဒေါ်လာ ၃၀၀ ကျော်အထိ ပေါက်စျေးရှိသည်။

ထိုတန်တာလမ် သတ္တုသည် မိုဖိုင်းဖုန်းများ၊ ကွန်ပျူတာများ၊ လေကြောင်းနှင့်အာကာသ အစိတ်အပိုင်းများနှင့် ဓာတ်ငွေ့တာဘိုင် ထုတ်လုပ်သည့် ကုမ္ပဏီများကြား ဝယ်လိုအား အလွန်မြင့်မားသည့် သတ္တုဖြစ်သည်။

ရူဘာယာမြို့သည် ကမ္ဘာ့ ကောလ်တန်သတ္တုရိုင်း ထုတ်လုပ်မှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း ထွက်ရှိသည်။

ထိုသတ္တု မိုင်းတွင်များတွင် အလုပ်လုပ်သည့် မိုင်းတွင် လုပ်သားများမှာမူ တစ်ရက်လျှင် ဒေါ်လာအနည်းငယ်သာ ရရှိနေကြသည်။ 

အဆိုပါ ဒေသကို M23 သူပုန်အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တွင်းထွက်ပစ္စည်းများမှ ငွေကြေး အရင်းအမြစ်များစွာ ရရှိနေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

M23 သူပုန် ထိန်းချုပ်ထားသည့် သတ္တုတွင်း လုပ်သားကိုတွေ့ရစဉ်

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် M23 သူပုန်များသည် ထိုဒေသ၌ စင်ပြိုင်အစိုးရအဖွဲ့ပုံစံ ထူထောင်ပြီး သတ္တုတွင်း တူးဖော်မှုများ၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခွန် ကောက်ခံမှုများကိုပင် ပြုလုပ်နေကြောင်း ဖော်ပြခဲ့သည်။

ယခုနှစ် မတ်လက ရူဘာယာမြို့သို့ သွားရောက်ခဲ့သည့် ရိုက်တာသတင်းထောက်များက M23 သူပုန်အဖွဲ့၏ အရာရှိများနှင့်တွေ့ဆုံချိန်တွင် M23 သူပုန်များသည် အမည်မဖော်သည့် သတ္တုတွင်း လုပ်ငန်းများကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်၌ တရားမဝင် သတ္တုတွင်း တူးဖော်ခွင့်များ ပေးထားကြောင်း ပြောကြားခဲ့သည်။

ထို့ကဲ့သို့ တရားမဝင် သတ္တုတွင်း လုပ်ငန်းများထံမှ ကော်လ်တန်သတ္တုရိုင်းများကို ဝယ်ယူသည့် ကုန်သည်များအား ဝယ်ယူသော သတ္တုတန်ဖိုး စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို M23 သူပုန်အဖွဲ့က အခွန်ကောက်ယူနေသည်ဟု ဆို သည်။

ထိုသို့ အခွန် ကောက်ခံမှုများမှတဆင့် M23 သူပုန်အဖွဲ့သည် လစဉ် ဒေါ်လာ ၈၀၀,၀၀၀ ခန့် ရရှိနေသည်ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

M23 သူပုန်အဖွဲ့သည် ငွေကြေး အများအပြား ရရှိနေချိန်တွင် ထိုသတ္တုတွင်းများ၌ အလုပ်လုပ်သည့် မိုင်းတွင်း လုပ်သားများမှာမူ တစ်ရက်လျှင် ၅ ဒသမ ၁၅ ဒေါ်လာမျှသာ ရရှိနေသည်ဟု သတ္တုတွင်း လုပ်သားတစ်ဦးက ပြောသည်။

သတ္တုများကို ကုန်သည်များထံ ပေးပို့ပေးရသည့် မှောင်ခိုသမားများသည် ဆိုင်ကယ်များဖြင့် သတ္တုအိတ်များကို သယ်ဆောင်နေရပြီး ထိုသို့ သယ်ယူပို့ဆောင်ပေးရသော အဖိုးအခအဖြစ် ခရီးစဉ်တစ်ကြောင်းလျှင် ၃၄ ဒေါ်လာ ရရှိသည်ဟုလည်း မိုင်းတွင်းလုပ်သားများက ပြောကြားခဲ့သည်။

Source: ရိုက်တာ