CNI International News
ကင်ရှာဆာ၊ ဇူလိုင် ၂၁
ဒီအာကွန်ဂိုနိုင်ငံနှင့် M23 လက်နက်ကိုင် သူပုန်အဖွဲ့တို့က ဩဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း ဇူလိုင် ၁၉ ရက်က ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်၌ ပြုလုပ်သည့် ပွဲအခမ်းအနား တစ်ခုမှာ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းစရာ အသေးစိတ် အချက်အလက်များ ကျန်ရှိနေ သေးသည်ဟု ဆိုသည်။
ဒီအာကွန်ဂိုနှင့် M23 သူပုန်အဖွဲ့တို့၏ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး စာချုပ်အတွက် စည်းကမ်း သတ်မှတ်ချက် တစ်စောင်ကို ဒိုဟာတွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထာဝရ အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဖက်စလုံးက ၎င်းတို၏ ကတိကဝတ်များကို ထိမ်းသိမ်းမည်ဖြစ်ပြီး အမုန်းတရား ဝါဒဖြန့်မှုများ၊ နယ်မြေများကို အင်အားသုံး သိမ်းယူမှုများအား ရှောင်ကြဉ်မည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ချက် သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။
အမေရိကန်သံတမန်နဲ့ ကာတာကိုယ်စားလှယ်ကိုတွေ့ရစဉ်
ကာတာနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် ၎င်းတို့နှစ်ဖွဲ့ကြား ဆွေးနွေးညှိနှိုင်းမှုများကို ဧပြီလက စတင်ခဲ့ပြီး နောက် ငြိမ်းချမ်းရေးယူရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းသည် ရွှေ၊ ကိုဘော့၊ ကြေးနီ၊ လစ်သီယံနှင့် အခြားသတ္တုများ ပေါကြွယ်ဝသည့် ဒီအာကွန်ဂိုနိုင်ငံတွင် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက် လာစေလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်။
အာဖရိကသမဂ္ဂကလည်း ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချီးကျူးခဲ့ပြီး ယင်းသည် ဒီအာကွန်ဂို အရှေ့ပိုင်းတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ရရှိအောင် လုပ်ဆောင်သော အားထုတ်ကြိုးပမ်းမှုများ၏ သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ဒီအာကွန်ဂိုနှင့် M23 သူပုန်အဖွဲ့ကို ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံခဲ့ရသည့် ရဝမ်ဒါနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ထရမ့်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။
Source: ရိုက်တာ