CNI International News

ယူကရိန်းနိုင်ငံတွင် စစ်သားများ အပါအဝင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ စစ်မှုထမ်းဆောင်ရန် အရည်အချင်း မပြည့်စုံသည့် အမျိုးသားများကို စစ်တပ်အတွင်း တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း DW  သတင်းမှ ဖော်ပြထားသည်။

ရုရှားနှင့် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းတွင် စစ်သားများစွာ ထိခိုက်သေဆုံးခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ၏ ခန့်မှန်းချက်အရ ထိခိုက်၊ သေဆုံးသူ ၃၁,၀၀၀ ခန့်ရှိသည်ဟု ဖော်ပြချက်နှင့်အတူ စစ်သားအင်အား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

စိတ်ကျန်းမာရေးရောဂါ ရှိတဲ့ စစ်သားကို တွေ့ရစဉ်

ထိုပြဿနာကို ဖြေရှင်းရန် ယူကရိန်းအာဏာပိုင်များက စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်ကို ၂၇ နှစ်မှ ၂၅ နှစ်အထိ လျှော့ချခဲ့ပြီး ယခင်က သတ်မှတ်ထားသည့် ကျန်းမာရေး အကြောင်းပြချက်ဖြင့် ခြွင်းချက်ပေးထားသော သတ်မှတ်ချက် အများအပြားကို ဖယ်ရှားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက စိတ်ကျန်းမာရေး အခြေအနေ အသင့်အတင့် သို့မဟုတ် အလယ်အလတ်ရှိသူများကို စစ်အုပ်ချုပ်ရေးအမိန့်အောက်တွင်  စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် မပေးတော့သည့် ဆေးဘက်ဆိုင်ရာ သတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင်ခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများကြောင့် စိတ်ကျမ်းမာရေး ပြဿနာ အနည်းငယ် ရှိသူများကိုပါ စစ်မှုထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်ခဲ့သည်။

ယူကရိန်းတွင် စစ်ဆရာဝန်များ အသုံးပြုသည့် ဟယ်စီ(Helsi) အမျိုးသား ဆေးဘက်ဆိုင်ရာ အချက်အလက် ဝက်ဘ်ဆိုက်၌ လူနာများက ၎င်းတို့၏ ကျန်းမာရေး မှတ်တမ်းများကို ၎င်းတို့ကိုယ်တိုင် တင်ခဲ့ကြသော်လည်း စိတ်ကျန်းမာရေးနှင့်ပတ်သက်သော မှတ်တမ်းများမှာ ကာယကံရှင်၏ သဘောဆန္ဒ လိုအပ်သဖြင့် ဖော်ပြခဲ့ခြင်း မရှိပေ။

ယူကရိန်းလွှတ်တော်၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဒီမိုင်ထရို လူဘီနက်ကို တွေ့ရစဉ်

ဖြစ်စဉ်တစ်ခုတွင် ၂၀၁၅ ခုနှစ်က စိတ်ကျန်းမာရေး ပြဿနာကို ခံစားခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦးသည် စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံခဲ့ရပြီး ၎င်း၏ စိတ်ကျန်းမာရေး အချက်အလက်များသည် အလွန်ကြာ မြင့်ပြီး ဟောင်းနွမ်းနေပြီဟု စစ်ဘက်အရာရှိများက ဆုံးဖြတ်ခဲ့ကြသည်။

အမျိုးသား အများစုသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရန် စိတ်ကျန်းမာရေးရောဂါ ခံစားနေရသည့် အချက်အလက် အတုများကို အသုံးပြုခဲ့သဖြင့် စစ်ဆရာဝန်များသည် တရားဝင် အချက်အလက်များကိုသာ ယုံကြည်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုနှစ်အတွင်း စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားစာ ၂၀၀၀ ကျော် ရှိခဲ့သည်ဟု ယူကရိန်းလွှတ်တော်၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဒီမိုင်ထရို လူဘီနက် (Dmytro Lubinets) က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အလားတူ တိုင်ကြားစာပေါင်း ၃၅၀၀ အထိရှိခဲ့သည်ဟု ၎င်းက ပြောသည်။

Source: DW