CNI International News

ဒမတ်စကတ်၊ ဇူလိုင် ၂၁

ဆီးရီးယားနိုင်ငံတွင် ဒရုဇ်မျိုးနွယ်စုများ လွှမ်းမိုးထားသော ဆဝိုက်ဒါ (Sweida) မြို့၌ ဇူလိုင် ၁၉ ရက်က မျိုးနွယ်စု ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စလာမ်မစ် ဦးဆောင်သည့် အစိုးရက အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် ရုန်းကန်နေရချိန်တွင် ရက်ပေါင်းများစွာ သွေးစွန်းတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေခြင်းဖြစ်သည်။

ဆဝိုက်ဒါမြို့တွင်း သေနတ် ပစ်သံများနှင့် အနီးအနားရှိ ကျေးရွာများတွင် လက်နက်ကြီးကျည်များ ကျရောက် သံများကို ရိုက်တာ သတင်းထောက်များက ကြားခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့များသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တောင်ပိုင်းဒေသသို့ တပ်ဖြန့်ထားပြီး ပစ်ခတ်မှုများကို ရပ်တန့်ရန် နှစ်ဖွဲ့လုံးကို တိုက်တွန်းထားသည်။

လုံခြုံရေးတပ်ဖွဲ့များ တပ်ဖြန့်ချထားခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက် နှောင်းပိုင်းတွင် ဆဝိုက်ဒါမြို့၌ တိုက်ခိုက်မှုများ ရပ်တန့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဒရုဇ်လူမျိုးစု လက်နက်ကိုင်ထားသူတွေကိုတွေ့ရစဉ်

ဇူလိုင် ၁၃ ရက်ကတည်းက ဒရုဇ်လူမျိုးစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဘီဒူအင် (bedouin) လူမျိုးစုများကို ကူညီပေးရန် ဆီးရီးယား၏ အခြားနေရာ ဒေသများတွင် နေထိုင်သော လူမျိုးစု လက်နက်ကိုင်များသည် ဆဝိုက်ဒါမြို့သို့ ချီတက်လာခဲ့ကြသည်။

လွန်ခဲ့သည့် သီတင်းပတ်ကတည်းက ဆဝိုက်ဒါမြို့ တစ်ဝိုက်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း လူ ၉၄၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

ဇူလိုင် ၁၉ ရက်တွင် ဆဝိုက်ဒါမြို့၌ လူနေအိမ်များနှင့် ကားများ မီးရှို့ခံရပြီး လက်နက်ကိုင် အမျိုးသားများသည် ဈေးဆိုင်များကို ဝင်ရောက်လုယက်ခဲ့ကြသည်။

ဒရုဇ်လူမျိုးစုများသည် ရှီးအိုက် အစ္စလာမ်မှ ခွဲထွက်လာသည့် အစ္စလာမ် ဘာသာတစ်ခုကို ကိုးကွယ်သူများ ဖြစ်သည်။

လူဦးရေ တစ်သောင်းခွဲခန့် နေထိုင်သည့် ဆဝိုက်ဒါမြို့တွင် ဒေသခံများသည် လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။

 Source: ရိုက်တာ