CNI International News
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၇
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တာလီဘန်များကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို နိုဝင်ဘာ ၆ ရက်က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် ပြန်လည်စတင်ပြီဖြစ်ကြောင်း DW သတင်းမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက နှစ်နိုင်ငံနယ်စပ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တူရကီနှင့် ကာတာတို့၏ ကြားဝင် စေ့စပ်ပေးမှုနှင့်အတူ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန်အတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးပြီး လူပေါင်းရာချီ ဒဏ်ရာရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် တူရကီက ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် လုပ်ငန်းစဥ်တစ်ခုကို ထူထောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါပေမယ့်လည်း အဖြေမရှိသေးတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ မေးခွန်းတွေ အများကြီး ရှိနေပါသေးတယ်” ဟု ဝါရှင်တန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် New America Foundation မှ ကျွမ်းကျင်သူ အိုမာ ဆာမက် (Omar Samad) က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ငြိမ်းချမ်းရေးဆွေးနွေးကြစဉ်
ဆာမက်သည် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကနေဒါနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ အာဖဂန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
“အပစ်အခတ်ရပ်စဲရေးကို လိုက်နာမှု ရှိ၊မရှိ ဘယ်သူက စောင့်ကြည့်သင့်လဲ။ တတိယနိုင်ငံ တစ်နိုင်ငံလား။ ဒါမှ မဟုတ် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုကလား။ အာဖဂန်နဲ့ ပါကစ္စတန်ကြားမှာ နယ်စပ်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ ရှိနေပါတယ်။ ပြီးတော့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုတွေက ဆွေးနွေးမှုတွေကို ပိုပြီးရှုပ်ထွေးစေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယခင်က မဟာမိတ်များဖြစ်ပြီး ကီလိုမီတာ ၂၆၀၀ (မိုင် ၁၆၀၀) အရှည်ရှိသည့် နယ်စပ်ချင်း ထိစပ်နေသည့် အာဖဂန်နှင့် ပါကစ္စတန်ကြား ဆက်ဆံရေးများသည် မကြာသေးမီ နှစ်များအတွင်း ဆိုးရွားလာခဲ့သည်။
ပါကစ္စတန်ကမူ အာဖဂန်တာလီဘန် အာဏာပိုင်များသည် ပါကစ္စတန်တာလီဘန်အဖွဲ့ (TTP) ကို အကာအကွယ် ပေးထားကြောင်း စွပ်စွဲခဲ့ပြီး အာဖဂန်တာလီဘန်များကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ပါကစ္စတန်၌ စစ်သွေးကြွ များ၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။
Source: DW
