CNI International News
ဘေဂျင်း၊ ဧပြီ ၂
ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့သည် အီရန်စစ်ပွဲ အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန် ရည်ရွယ်သည့် အချက် ၅ ချက် ပါဝင်သော အစီအစဉ်တစ်ရပ်ကို မတ်လ ၃၁ ရက် ညပိုင်းက ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ပါကစ္စတန်သည် အမေရိကန်နှင့် အီရန်ကြား စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို အားကောင်းလာစေရန် လုပ်ဆောင်နေချိန်တွင် တရုတ်ကိုပါ ထိုလုပ်ငန်းစဉ်အတွင်း ပါဝင်အောင် စည်းရုံးခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အာရှက်ဒါး (Ishaq Dar) သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ဖိတ်ကြားချက်အရ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အသေးစိတ် ဆွေးနွေးညှိနှိုင်းရန် ဘေဂျင်းသို့ ၁ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အချက် ၅ ချက်ကို တင်ပြခဲ့ကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦးကို တွေ့ရစဉ်
တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးက တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန်နှင့် ပဋိပက္ခများ ပြန့်နှံ့ မသွားစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
ထုတ်ပြန်ချက်တွင် စစ်ဘေးသင့်ဒေသ အားလုံးသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့် ပြုရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံး စတင်ရန်လည်း တောင်းဆိုခဲ့ ကြသည်။
အီရန်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ အမျိုးသား လွတ်လပ် ရေးနှင့် လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းနှင့် သံတမန် နည်းလမ်း ဖြင့် ဖြေရှင်းခြင်းသည်သာ ပဋိပက္ခများကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသော လက်တွေ့ကျသည့် ရွေးချယ်စရာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေချိန်အတွင်း အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်း ရန်နှင့် လက်နက် အသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် အဖွဲ့အစည်းအားလုံးက ကတိ ကဝတ်ပြုပြီး ဆွေးနွေးမှုများ စတင်နိုင်ရေးအတွက် တရုတ်နှင့် ပါကစ္စတန်တို့က သက်ဆိုင်ရာ အဖွဲ့အစည်းများကို ထောက်ခံအားပေးကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
ထို့ပြင် စစ်ရေးနှင့် မသက်ဆိုင်သော အရပ်ဘက် ပစ်မှတ်များ၏ လုံခြုံရေးအတွက်လည်း ဒါးနှင့် ဝမ်တို့က တောင်းဆိုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: Nikkei Asia
