CNI International News

အစ္စလာမ်မာဘတ်၊ ဧပြီ ၉

ပါကစ္စတန်သည် အမေရိကန်နှင့် အီရန်ကြား စစ်ပွဲကို ယာယီရပ်တန့်နိုင်ရန် ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ကမ္ဘာ ပျက်မည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အီရန်နှင့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း ဧပြီ ၈ ရက်တွင် မပြောကြားမီ နာရီပိုင်းအလိုက ပါကစ္စတန်သည် စစ်ပွဲကို ယာယီ ရပ်တန့်နိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ထိုအပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်လာရန်အတွက် ပါကစ္စတန်သည် ပြီးခဲ့သည့် သီတင်းပတ် ပေါင်းများစွာ ကတည်းက တိတ်တဆိတ် ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဆင် မူနီယာ (Asim Munir) တို့၏ ကြိုးပမ်းမှုကြောင့် အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးမှုလမ်းကြောင်း ပွင့်သွား ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြကြသည်။

ဧပြီ ၁၀ ရက်တွင် အပြီးသတ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့၌ စတင် ကျင်းပသွားမည်ဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ အီရန်ဘက်က ကမ္ဘာ့ရေနံတင်ပို့မှု၏ ၅ ပုံ ၁ ပုံ ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားကို လာမည့် သီတင်းနှစ်ပတ်အတွင်း ပြန်ဖွင့်ပေးရမည်ဖြစ်ပြီး အမေရိကန်နှင့် အစ္စရေး ကလည်း အီရန်အပေါ် တိုက်ခိုက်နေမှုများကို သီတင်းနှစ်ပတ်ကြာ ရပ်နားထားရမည်ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကမူ အီရန်နှင့် အပစ်ရပ်သည့် ထရမ့်၏ ဆုံးဖြတ် ချက်ကို ထောက်ခံသော်လည်း ထိုအပစ်အခတ်ရပ်စဲမှုတွင် လက်ဘနွန်နယ်စပ်ရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများ မပါဝင်ကြောင်း အတိအလင်း ကြေညာခဲ့သည်။

အပစ်အခတ်ရပ်စဲရေး သတင်း ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံ ဈေးနှုန်းများမှာ တစ်စည်လျှင် ၉၄ ဒေါ်လာ ခန့်အထိ ၁၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး စတော့ဈေးကွက်များ ပြန်လည်ဦးမော့လာခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) က အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး ပါကစ္စတန်၏ ကြိုးပမ်းမှုကို ချီးကျူးစကား ပြောကြားခဲ့သည်။

သို့သော်လည်း အီရန်အမျိုးသားလုံခြုံရေးကောင်စီက ၎င်းတို့ အနေဖြင့် အမေရိကန်အပေါ် အပြည့်အဝ ယုံကြည်မှု မရှိသေးကြောင်း ပြောကြားထားသဖြင့် လာမည့် သီတင်းနှစ်ပတ်တာ ကာလသည် ဒေသတွင်း ငြိမ်းချမ်းရေး အတွက် အလွန်အရေးကြီးသော အဆုံးအဖြတ် ဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia