CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၅
အမေရိကန်နှင့် အီရန်ကြား တိုက်ပွဲများကို အဆုံးသတ်ရန် ကာလရှည်ကြာ ခက်ခဲစွာ ညှိနှိုင်းခဲ့ရသည့် သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးရန် နီးကပ်လာပြီဟု အမေရိကန်နှင့် ပါကစ္စတန် ခေါင်းဆောင်များက ခန့်မှန်းပြော ကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်အစိုးရကမူ ထိုအချိန် သတ်မှတ်ချက်အပေါ် သံသယရှိကြောင်း ပြောဆိုခဲ့ပြီး အီရန်ရှိ သဘောထား တင်းမာသည့် ဆန္ဒပြသူများကလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
အီရန်နှင့် အမေရိကန်ကြား သဘောတူညီချက်ကို ၎င်း၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်သော ဇွန်လ ၁၄ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif ) ကလည်း ပါကစ္စတန်အစိုးရ အနေဖြင့် အီလက်ထရောနစ်စနစ်ဖြင့် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေပြီး လာမည့် သီတင်းပတ်အတွင်း နည်းပညာ ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်ခေါင်းဆောင်ကို တွေ့ရစဉ်
သို့သော် ထိုသဘောတူညီချက်ကို ဇွန်လ ၁၄ ရက်တွင် လက်မှတ် ရေးထိုးမည် မဟုတ်ဘဲ လာမည့် ရက်ပိုင်းအတွင်း လက်မှတ် ရေးထိုးနိုင်ခြေရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei)က ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုသဘောတူညီချက်တွင် နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုထောင့်များကို ပြန်လည် သုံးသပ် မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သဖြင့် အီရန်အနေဖြင့် လက်မှတ်ရေးထိုးရန် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း အီရန်၏ Fars သတင်းဌာနက ဖော်ပြခဲ့သည်။
သဘောတူညီချက် အပြီးသတ်နိုင်ရေး ကြိုးပမ်းမှု၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ကာတာနိုင်ငံမှ ညှိနှိုင်းရေးမှူး များသည် ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် အီရန်မြို့သို့ သွားရောက်ခဲ့ကြောင်း ထိုအကြောင်းအရာကို သိရှိသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
မူဘောင် သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် အီရန်က ပိတ်ဆို့ထားသည့် ကမ္ဘာ့ ရေနံထောက်ပံ့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ချက်ချင်း ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ထရမ့် က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
ထိုရေလက်ကြား ပြန်ဖွင့်ပြီးပါက အမေရိကန်အနေဖြင့် အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထို့နောက် အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီးသည့် အကြောင်းအရာများကို နောက်ပိုင်းမှ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။
Source: ရိုက်တာ
