CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၆
အမေရိကန်နှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ အကြို သဘောတူညီချက် ရရှိကြောင်း ကြေညာချက်ကြောင့် ရေနံဈေးနှုန်းများ ထိုးကျသွားခဲ့သော်လည်း အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကိုမူ နောက်ပိုင်းအဆင့်များတွင် ထားရှိထားသည်။
ယခုသဘောတူညီချက်သည် မူဘောင်အဆင့်သာ ရှိသေးသော်လည်း ဖေဖော်ဝါရီလက အမေရိကန်နှင့် အစ္စရေး ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာမှ လူပေါင်းထောင်ချီ သေဆုံးကာ စွမ်းအင်စျေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့သည့် စစ်ပွဲကို ဖြေရှင်းနိုင်ရေးအတွက် အကြီးမားဆုံး အလှည့်အပြောင်းတစ်ရပ် ဖြစ်လာခဲ့သည်။

အီရန်အလံကို ကိုင်ထားသူတစ်ဦးကို တွေ့ရစဉ်
“အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံနဲ့ သဘောတူညီချက်ဟာ အခုအခါမှာ အပြီးသတ် ရရှိသွားပါပြီ”ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဝါရှင်တန်စံတော်ချိန် ဇွန်လ ၁၄ ရက် ညနေ ၅ နာရီခွဲတွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။
အီရန်နှင့် အမေရိကန်ကြား ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ် (Shehbaz Sharif) က ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထရမ့်၏ လူမှုမီဒီယာပို့စ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုနားလည်မှု စာချွန်လွှာကို ဇွန်လ ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ တရားဝင် လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီး အသေးစိတ် အချက်အလက်များကိုမူ ချက်ချင်း မသိရှိရသေးပေ။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်၏ X လူမှုမီဒိယာပို့စ် တစ်ခုတွင် အီရန်နှင့် အမေရိကန်ကြား သဘောတူညီချက်၌ လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးရှိ စစ်ဆင်ရေးများကို ချက်ချင်း အပြီးသတ်ရပ်စဲရန် သတ်မှတ်ချက် ပါဝင်ကြောင်း ရေးသားဖော်ပြထားသည်။

စစ်ပွဲဖြစ်ပွားနေသော နေရာတစ်ခုကိုတွေ့ရစဉ်
လက်ဘနွန်နိုင်ငံသည် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရန်အစိုးရကို ထောက်ခံကြောင်း ပြသသည့် အနေဖြင့် မတ်လ ၂ ရက်က အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး လူပေါင်း ၁ ဒသမ ၂ သန်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်။
ထို့ကြောင့် အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးမှုများအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ သည် အဓိက ငြင်းခုံရသည့် အရေးကိစ္စဖြစ်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ (Abbas Araqchi) ကမူ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက် မှုများကို လုံးဝရပ်တန့် ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မူဘောင် သဘောတူညီချက်ကို အကောင်အထည် ဖော်ရန် အတွက် အမေရိကန်တွင် တာဝန်ရှိကြောင်း ၎င်း၏ Telegram စာမျက်နှာ၌ ရေးသားခဲ့သည်။
Source: ရိုက်တာ
