CNI International News
ဂျာကာတာ၊ ဇွန်လ ၁၆
အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာအစိုးရနှင့် ဆက်ဆံရေး လမ်းကြောင်းသစ်များ ဖွင့်လှစ်ခဲ့ပြီးနောက် ဇွန်လ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနို (Sugiono) ၏ မြန်မာခရီးစဉ် ကြောင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး လက်တွေ့ကျသည့် ချဉ်းကပ်မှု တစ်ရပ်ကို ရှာဖွေရန် အာဆီယံ၏ ကြိုးပမ်းမှု အပေါ် ပိုမိုအာရုံစိုက်လာကြကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်သည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို လွှဲပြောင်း ရယူခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှားဝန်ကြီး တစ်ဦး၏ ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။
အင်ဒိုနီးရှားအစိုးရသည် အာဆီယံအတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် သုံးသပ် ပြောဆိုခဲ့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သောကြောင့် ထိုခရီးစဉ်သည် အာရုံစိုက်ခံခဲ့ရသည်။
“ဒီခရီးစဉ်ကို လက်တွေ့ကျကျ ပြန်လည်ချိန်ညှိမှု တစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။ အင်ဒိုနီးရှားရဲ့ ဒီလုပ်ဆောင်ချက် ဟာ မြန်မာနိုင်ငံကို အာဆီယံက ခွဲထုတ်ထားရုံနဲ့ ထိရောက်တဲ့ တိုးတက်မှုမျိုး မရရှိနိုင်ဘူးဆိုတဲ့ အချက်ကို သဘောပေါက်လာတာ ဖြစ်ပါတယ်”ဟု ISEAS – Yusof Ishak အင်စတီကျုမှ အာဆီယံလေ့လာမှုဗဟိုဌာန၏ အကြီးတန်းသုတေသနအရာရှိနှင့် ညှိနှိုင်းရေးမှူး ဂျိုအန် လင်း (Joanne Lin) က ပြောကြားခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံစဉ်
အင်ဒိုနီးရှားအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် ထောက်ခံနေဆဲဖြစ်သော်လည်း မြန်မာ့အရေးကို ပိုမိုအလေးထားပြီး လုပ်ဆောင်လာကြောင်း ၎င်းက ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် အာဆီယံ၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံဖြစ်သော ဘုံသဘောတူညီချက် ၅ ချက်ကို ရည်ညွှန်းပြောဆိုခဲ့သည်။
နေပြည်တော်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆူဂီအိုနိုသည် သမ္မတ ပရာဘိုဝို(Prabowo Subianto) က ပေးပို့သော သဝဏ်လွှာကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ထွန်းလာစေရန် အင်ဒိုနီးရှားက ပံ့ပိုးကူညီ သွားမည်ဆိုသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပဋိပက္ခကို တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရေးတို့ ဖြစ်ပေါ်လာစေရန် တိုက်တွန်း အားပေးနိုင်ရေး အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အင်ဒိုနီးရှားက အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများသည် ရင်းနှီးပွင့်လင်းပြီး အပြုသဘောဆောင်ကာ အကျိုးရှိခဲ့ကြောင်း ဆူဂီအိုနိုက ပြောကြားခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံစဉ်
အင်ဒိုနီးရှားအပြင် အာဆီယံနိုင်ငံအချို့မှ ခေါင်းဆောင်များသည်လည်း မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများကို ယခင်ကတည်းက ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖူအန်ကတ်ကော (Sihasak Phuangketkeow) သည်လည်း ပြီးခဲ့သည့် ဧပြီလက နေပြည်တော်သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပေါင်းကူးတံတား တစ်ခုအဖြစ် ဆောင်ရွက်ပေးရန် လူသိရှင်ကြား ကမ်းလှမ်းခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် (Mohamad Hasan) သည်လည်း အာဆီယံအဖွဲ့၏ ချဉ်းကပ် ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်သည့် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
အင်ဒိုနီးရှားအတွက်မူ ယခုခရီးစဉ်သည် မြန်မာ့အရေး ဖြစ်ပေါ် တိုးတက်မှုများအပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အထောက်အကူ ဖြစ်စေနိုင်သလို တစ်ဖက်တွင်လည်း အာဆီယံအတွင်း အင်ဒိုနီးရှား၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေနိုင်ကြောင်း ဂျိုအန်လင်းက ပြောကြားခဲ့သည်။
Source: The Nation
