CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်(EAO)များ လာရောက် ဆွေးနွေးခြင်းမရှိပါက မည်ကဲ့သို့ လုပ်ဆောင်မလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းရှိရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀-၂၁ ရက်နေ့များက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပြင် လက်မှတ် မရေးထိုးထားရသေးသည့် အဖွဲ့များအနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်း ရေး ဆွေးနွေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည်။
NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ထားသည်။
အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေခဲ့ ခြင်း မရှိခဲ့ပါက အမြစ်ပြတ် ချေမှုန်းရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုပြောနေကြဝာာရှိပါတယ်။ တစ်ဖက်ကနေ ဆွေးနွေးညှိနှိုင်းမယ်။ ဆွေးနွေးညှိနှိုင်းလို့မရရင် အစိုးရ အနေနဲ့ အပြုတ်တိုက်ဖို့တော့ လိုအပ်တာပေါ့နော်။ ဘာကြောင့်လို့လဲဆိုတော့ အခါကျတော့ အခုလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဒီမိုကရေစီ ဖက်ဒရယ်လို့ ပြောနေကြတယ်။ ဟိုဘက်ကလည်း ပြောနေကြတယ်။ အဲဒီကိစ္စအပေါ်မှာ ညှိနှိုင်းလို့ မရဘူးလား။ ဆွေးနွေးညှိနှိုင်းကြလို့မှ Time Frame အနေနဲ့ချထားမယ်။ ဘယ်လထိ ကို ဆွေးနွေးမယ်။ မရရင် ပြုတ်အောင်တိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အစိုးရမှာ ပြတ်ပြတ်သားသား ချမှတ်ထားတဲ့ မူဝါဒတော့ ရှိသင့်တယ်။ အခုတက်လာတဲ့ အစိုးရက ပျော့ပျောင်းညင်သာစွာနဲ့ ပြတ်ပြတ်သားသား လုပ်ရတဲ့အစိုးရ ဖြစ်ဖို့တော့ လိုအပ်တယ်ဆိုတာ အဲဒီကိစ္စကို ပြောဖြစ်ပါတယ်။ အခု နိုင်ငံရေးအခင်းအကျင်းအရ ကျနော်တွေး ကြည့် သလောက်ပေါ့လေ။ ဒီဘက်ကနေပြီးမှ ခေါ်မယ် ငြိမ်းချမ်းရေးကို ဆွေးနွေးမယ်။ တစ်ဖက်က စစ်ရေးဖိအား ပေးမယ်လို့တော့ ကျနော်မြင်တယ်ဗျ။ ဒါကြောင့်မို့ သူတို့အနေနဲ့ မလာခဲ့ဘူးဆိုရင် စစ်ရေးအခြေအနေ မြင့်သွား လိမ့်မလား ကျနော်တို့ စဉ်းစားရတာပေါ့။ အခု KIA ကလည်း ဖားကန့်လမ်းကို အပြီးအပိုင် ပိတ်သိမ်းတယ်တို့ ဘာတို့ဖြစ်လာတယ်။ စစ်ရေးတင်းမာမှုတွေ ဖြစ်လာတာပေါ့နော်။ လတ်တလောတော့ ဒီပုံစံတော့ ဖြစ်ကြအုံးမှာပဲ။ အခုအစိုးရဘက်ကလည်း ပျော့ပျောင်းညင်သာစွာနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ပြောချင် တာ။ ဆွေးနွေးညှိနှိုင်းမှု မလာဘူးဆိုရင်တော့ အစိုးရဘက်ကတော့ စစ်ရေးနည်းနဲ့ ဖြေရှင်းသွားလိမ့်မယ်လို့တော့ မြင်တယ်။ ကျနော်အမြင်ကတော့ သူတို့ အခု ဖိတ်ခေါ်လိုက်တယ် မလာဘူး ဆွေးနွေးညှိနှိုင်းမှုတွေ မရှိဘူး။ ဆွေးနွေးညှိနှိုင်းမှု လုံးဝမလာဘူး ဆိုရင်တော့ အဲဒီဒေသကိုတော့ စစ်ရေးကတော့ ပိုမိုပြီးမှ ပြင်းထန်လာမယ်လို့ တော့ ကျနော်မြင်တယ်” ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားမှာ စိုင်းဋ္ဌေးအောင်နဲ့ တခြားသော ကိုယ်စားလှယ်များကို တွေ့ရစဉ်
ထို့အပြင် အစိုးရအနေဖြင့်လည်း NCA စာချုပ်မှ ချမှတ်ထားသည့် မူဘောင်များကို လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုမှသာ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု ပြန်လည် ရရှိလာနိုင်မည်ဖြစ်ကြောင်း စိုင်းဋ္ဌေးအောင် က ဆက်ပြောသည်။
၎င်းက “ပြတ်သားမှု မရှိလို့ပါ။ ဆွေးနွေးညှိနှိုင်းကြတယ် ဟန်ပြတွေ လုပ်နေကြသလို ဖြစ်နေတယ်။ ဒါကမ္ဘာကြီးကို ပြစားနေတဲ့ ငြိမ်းချမ်းရေး လုပ်စားပွဲကြီးလို ဖြစ်နေတယ်။ အဆက်ဆက် လုပ်ခဲ့တဲ့ ပုံစံမျိုးတွေက။ NCA ထဲမှာ ချမှတ်ထားတဲ့ မူဘောင်အတိုင်းကို သူတို့တလွဲမသွေ ဒီဘက်က ဆုပ်ကိုင်ပြီးမှ လုပ်မယ်ဆိုရင် သူတို့ ယုံကြည်မှု တွေ ရှိလာနိုင်တယ်ပေါ့နော်။ အခုတော့ NCA ထဲက ချမှတ်ထားတဲ့ မူဘောင်အတိုင်းကို နည်းနည်းလေး လမ်းချော် သွားတာနဲ့ ဟိုက ထောက်စရာ ဖြစ်လာတာပေါ့။ ထောက်စရာ ဖြစ်လာတယ်ဆိုတာ သူတို့ယုံကြည်မှုတွေ လျော့ နည်း သွားတာပေါ့ဗျာ။ သူတို့ယုံကြည်မှု ရအောင်လို့ ဒီကလုပ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် NCA မှာ ချမှတ်ထား တဲ့ မူဘောင်အတိုင်းကို လက်ရှိအစိုးရ အကောင်အထည် ဖော်နေတယ်ဆိုတဲ့ ပုံစံမျိုးကို ဖြစ်စေချင်တာပါ။ အဲဒီ အတွက်ကြောင့်မို့လို့ ဒီဘက်ကနေပြီးမှ တသွေမတိမ်း ဘယ်လိုပဲ မင်းတို့ပြောပြော ငါတို့က NCA လမ်းကြောင်း အတိုင်း လုပ်နေပါတယ်ဆိုတဲ့ဥစ္စာကို သက်သေပြဖို့တော့ လိုအပ်တယ်လို့တော့ ကျနော် ပြောချင်တယ်”ဟု ပြော သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်း အကျင်း၌ ပိုမိုကြီးမား ကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း အများအပြား ပေါ်ပေါက်လာခဲ့ သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် အစိုးရသည် နယ်မြေ လက်လွတ် ဆုံးရှုံးမှုများ ရှိနေသလို တိုင်းရင်းသား လက်နက်ကိုင်များကလည်း နယ်မြေထိန်းချုပ်နိုင်ရေးကို အဓိကထား ကြိုးပမ်းလာကြသည်။
အဆိုပါ အခြေအနေများနှင့်အတူ လက်နက်ကိုင် အင်အားစုများသည် ဖက်ဒရယ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်မှသည် လွတ်လပ်ရေးအထိ မျှော်မှန်း၍ တည်ဆောက်လာမှုများ ရှိနေသည်။

NCA နှစ်ပတ်လည် အခမ်းအနားမှာ အလွှာအသီးသီးက ခေါင်းဆောင်များကို တွေ့ရစဉ်
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရသစ် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပေါ်လာနိုင်ဖွယ်ရှိကြောင်း၊ တစ်ဖက်တွင်လည်း စစ်ရေးအခြေအနေ သည် ပိုမို တင်းမာလာနိုင်မည့် အနေအထားမျိုး မြင်တွေ့ရနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး လက်ခံဆွေးနွေးရာတွင် ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များအား မထားလျှင် ကောင်းမွန်မည်ဖြစ်ကြောင်း၊ ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဆောင်ရွက်ခဲ့သည့် အချိန်ထက် လက်ရှိအစိုးရသည် စိန်ခေါ်မှု ပိုများနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ်ကတော့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မရှိဘဲနဲ့ တွေ့နိုင်ရင် အကောင်းဆုံးပေါ့။ ပထမအဆင့်မှာပေါ့နော်။ တကယ်လို့ စည်းကမ်း သတ်မှတ်ဖို့ ရှိတယ်ဆိုရင်လည်း နှစ်ဖက်သဘောတူ သတ်မှတ် နိုင်လို့ရှိရင်လည်း ပိုကောင်းတာပေါ့နော်။ ကြိုတင် စည်းကမ်း သတ်မှတ်ချက်ဆိုတာ ခင်ဗျားတို့ ၂၀၀၈ ကို လက်ခံ ရမယ်။ NCA ကို လက်ခံရမယ် ဆိုပြီးတော့မှ အဲဒါမျိုး စပြီးတော့မှ ပြောတာမျိုးပေါ့နော်။ ဘယ်လောက်ပဲ အရင် တုန်းက တရားဝင် အတည်ပြုထားတယ်ပဲဖြစ်ဖြစ် ချက်ချင်းစတွေ့တယ်။ တွေ့တွေ့ချင်း ဒါမျိုးပြောရင် မရဘူး။ ဇူလိုင်လ ၃၁ ရက်အတွင်း ရက်ပေါင်း ၁၀၀ အတွင်းပါဖို့ ပြောတာကို။ ဦးသိန်းစိန်တုန်းက ဩဂုတ်လ ၁၈ ရက်နေ့မှာ သူက ဖိတ်ခေါ်တယ်။ အဲဒီတုန်းကတော့ ရက်မသတ်မှတ်သေးဘူးပေါ့။ ဖိတ်ခေါ်တဲ့ အခါကျတော့ စက်တင်ဘာလ ၁၈ ရက်နေ့လဲ ဘယ်သူမှ မလာဘူး အောက်တိုဘာ ၁၈ လည်း တို့ကနန်း ဆိတ်ကနန်းပဲ လုပ်ရတာ။ နိုဝင်ဘာလ ၁၉ ရက်နေ့ကျတော့မှ စတင်ဆွေးနွေးရတာ။ အဲဒီတော့ ဦးသိန်စိန် ခေတ်တုန်းက ဒီလောက်တောင်မှ ခက်ခဲတယ် ဆိုလို့ရှိရင် အခုဆိုရင် အဲဒီ ဦးသိန်းစိန် ခေတ်ထက် အနည်းဆုံး နှစ်ဆလောက် ပိုခက်မယ်။ နှစ်ဆလောက် ပိုကြာ မယ်လို့ ဒါကို အဆင်သင့်ဖြစ်ဖို့ လိုပါတယ်လို့ အကြံပေးစေချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်မှု ပြန်လည် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုအခင်းအကျင်း မရှိပါက ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ရပ် အောင်မြင်ရန် မလွယ်ကူ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
