CNI International News
ဝါရှင်တန်၊ ဧပြီ ၂၀
အမေရိကန်နှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူကာလ မကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် မတိုးသာ မဆုတ်သာ ဖြစ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ကမ္ဘာ့စွမ်းအင် ထောက်ပံ့ရေးအတွက် အဓိကကျသော ဟော်မုဇ်ရေလက်ကြားကို အီရန်က ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် ဧပြီ ၁၉ ရက်တွင် ထိုရေကြောင်းလမ်း၌ သင်္ဘောသွားလာမှုများ ရပ်တန့်သွားခဲ့သည်။
အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူးက အမေရိကန်နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် တိုးတက် မှုရှိကြောင်း ပြောကြားခဲ့ပြီး၊ တစ်ဖက်တွင်လည်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တီဟီရန်နှင့် အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် နှစ်ဖက်စလုံးက မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်
အီရန်၏ အဓိကညှိနှိုင်းရေးမှူး မိုဟာမက် ဘာကာ ကာလီဘက်ဖ် (Mohammad Baqer Qalibaf) ကလည်း နျူကလီးယားကိစ္စနှင့် ဟော်မုဇ်ရေလက်ကြား ကိစ္စတို့သည် အဓိက အငြင်းပွားဖွယ်ရာ အချက်နှစ်ချက်ဖြစ်ပြီး ထိုကိစ္စရပ် နှစ်ခုနှင့် ပတ်သက်၍ နှစ်ဖက် သဘောထားမှာ အလှမ်းဝေးကွာ နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်သည် ဧပြီ ၁၈ ရက်က ဟော်မုဇ် ရေလက်ကြားမှတဆင့် သင်္ဘောများ ဖြတ်သန်းခွင့်ပြုမည်ဟု ကြေညာခဲ့ သော်လည်း အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက် ပိတ်ဆို့ထားသဖြင့် အမေရိကန်သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း အီရန်က စွပ်စွဲခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်ခဲ့ ခြင်း ဖြစ်သည်။
ဧပြီ ၁၈ ရက်က အိန္ဒိယအလံတင်သင်္ဘော နှစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းစဉ် တိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဧပြီ ၁၉ ရက် အစောပိုင်းတွင် ထိုရေကြောင်းလမ်း၌ သင်္ဘောသွားလာမှုများ ရပ်တန့်သွားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောကို တွေ့ရစဉ်
ဧပြီ ၁၉ ရက် နံနက် အစောပိုင်းတွင် တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘော တစ်စင်းနှင့် အိန္ဒိယပိုင် ဓာတ်ငွေ့တင် သင်္ဘောတစ်စင်းတို့ အရှေ့ဘက်သို့ ဖြတ်သန်းသွားလာသည်ကို တွေ့ရှိရသည်။
သို့သော် Marine Traffic သင်္ဘောခြေရာခံ အချက်အလက်များအရ ထိုသင်္ဘော ၂ စင်းကို အီရန်က ပြန်လှည့်ခိုင်းခဲ့ ပုံရပြီး ညသန်းခေါင်ယံ နောက်ပိုင်းတွင် အခြားမည်သည့် သင်္ဘောမျှ ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်း မရှိတော့ပေ။
ယခုအခါ သီတင်းပတ် ၈ ပတ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သော အီရန်စစ်ပွဲအတွင်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် ကမ္ဘာ့ရေနံ ဈေးနှုန်းများကို အဆမတန် မြင့်တက်စေခဲ့ပြီး သမိုင်းတစ်လျှောက် ကမ္ဘာ့ စွမ်းအင်ထောက်ပံ့မှုအပေါ် အပြင်းထန်ဆုံး စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။
Source: ရိုက်တာ
