CNI International News
တိုင်ပေ၊ ဧပြီ ၂၀
ထိုင်ဝမ်အနေဖြင့် ဖြစ်လာနိုင်သည့် ပိတ်ဆိုမှုများကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန် အရပ်ဘက် ကာကွယ်ရေးကို အရေးပေါ် ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကြောင်း ကျွမ်းကျင်သူများက စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် သတိပေးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့ပြင် ထိုင်ဝမ်သည် စွမ်းအင်နှင့်ပတ်သက်သည့် ဗျူဟာကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းတို့က ထောက်ပြသည်။
ထိုင်ဝမ်၏ အရပ်ဘက် ကာကွယ်ရေးတွင် လက်ရှိ ပြင်ဆင်ထားမှုများသည် လက်တွေ့ကမ္ဘာ၌ ဖြစ်ပွားနေသည့် အကျပ်အတည်းနှင့် ကိုက်ညီမှုမရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က တိုင်ပေရှိ အမျိုးသားချန်ချီတက္ကသိုလ်တွင် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် လူမှုရေးဆိုင်ရာ စားပွဲဝိုင်း လေ့ကျင့်ခန်းတွင် ၂၀၃၀ ခုနှစ်၌ ကမ္ဘာ့မဟာမိတ် အဖွဲအစည်းများ ပြောင်းလဲခြင်းနှင့် ဒေသတွင်း ပဋိပက္ခများကြောင့် ထိုင်ဝမ်၏ စွမ်းအင်နှင့် လူမှုရေးစနစ်များ အကြီးအကျယ် ထိခိုက်နိုင်ခြေရှိသည့် အခြေအနေကို စမ်းသပ်သရုပ်ပြခဲ့သည်။

ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး စနစ်ကိုတွေ့ရစဉ်
စားပွဲဝိုင်း လေ့ကျင့်ခန်းဆိုသည်မှာ ကွင်းဆင်း လေ့ကျင့်ခန်းများနှင့်မတူဘဲ အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေများကို အချက်အလက်များ၊ အစီအစဉ်များ၊ ဖြေရှည်းနည်းများဖြင့် စားပွဲဝိုင်းပေါ်၌ သုံးသပ်ဆွေးနွေးမှု ဖြစ်သည်။
ထိုဆွေးနွေးမှု ပါဝင်သည့် နာမည်ကြီး လုံခြုံရေးဆိုင်ရာ ပညာရှင်နှင့် အဓိက တာဝန်ခံ အလက်ဇန္ဒား ဟွမ်ချီချန် (Alexander Huang Chieh-cheng) က ထိုင်ဝမ်သည် အကျပ်အတည်းများ၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည် မရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများကို အားဖြည့်ရန် ဆယ်စုနှစ်များစွာ အချိန်ပေးခဲ့သော်လည်း ငြိမ်းချမ်းရေး ပျက်ပြားသွားပါက လူမှုရေးနှင့် အရေးပါသော အခြေခံ အဆောက်အအုံများသည် အားနည်းချက် ရှိနေဆဲဖြစ်ကြောင်း ဟွမ်က မှတ်ချက်ပြုခဲ့သည်။

အရပ်သားများ ကယ်ဆယ်ရေး လေ့ကျင့်နေစဉ်
“ကျနော်တို့မှာ ကြိုတင်ပြင်ဆင်မှု မရှိတဲ့အတွက် ထိုင်ဝမ်ဟာ စိတ်အေးလက်အေးရှိတဲ့ လူ့အဖွဲအစည်းကနေ ထိတ်လန့်နေတဲ့ လူ့အဖွဲအစည်း တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်ပါတယ်”ဟု တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကာကွယ်ရေးဆိုင်ရာ ခံနိုင်ရည်ရှိမှုအကြောင်း ဆွေးနွေးသည့် အစည်းအဝေး တစ်ခုတွင် ဟွမ်က ပြောကြားခဲ့သည်။
နှစ်စဉ်ပြုလုပ်နေကျ Wan An လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်း ကဲ့သို့သော လက်ရှိ အရပ်ဘက် ကာကွယ်ရေး လေ့ကျင့်ခန်းများသည် ကြိုတင်ခန့်မှန်းရ လွယ်ကူပြီး အမှန်တကယ် ပဋိပက္ခ ဖြစ်လာနိုင်မည့် အခြေအနေနှင့် ကိုက်ညီမှု မရှိကြောင်း ၎င်းက ပြောသည်။
ထိုလေ့ကျင့်ခန်းများ၏ လေးနက်မှုကို ပိုမိုအားကောင်းလာစေရန် လက်ရှိ ဒေသအလိုက် ဇုန်များခွဲပြီး လုပ်ဆောင် နေသည့် လေ့ကျင့်မှုပုံစံအစား ကျွန်းတစ်ကျွန်းလုံး အတိုင်းအတာဖြင့် မိနစ် ၃၀ ကြာ ပိတ်ဆိုလေ့ကျင့်မှု ပြုလုပ်ရန် အဆိုပြုခဲ့သည်။
“လေ့ကျင့်ခန်းလုပ်တဲ့ ဒေသမှာနေတဲ့ လူတွေက မိနစ် ၃၀ လောက် ပုန်းပြီး လေ့ကျင့်နေကြချိန်မှာ လေ့ကျင့်ခန်း မလုပ်တဲ့ ဒေသမှာ နေတဲ့လူတွေက ဘောလုံး ကစားနေကြတယ်။ အဲဒါဟာ အရပ်ဘက် လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်းမဟုတ်ဘူး” ဟု ဟွမ်က ဆိုသည်။
Source: South China Morning Post
