CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၉
အိန္ဒိယယဥ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ(ICCR) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ ၉ ရက်တွင် မြ၀တီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနား၌ သံအမတ်ကြီး H.E. Shri Abhay Thakurက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ယခုနှစ်သည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီစဉ်ကျင်းပခြင်း ဖြစ်သောကြောင့် ထူးခြားအရေးပါသော နှစ်တစ်နှစ် ဖြစ်သည်။

ထို့ပြင် ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) မှ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ ယဉ်ကျေးမှုအဆိုအကများဖြင့် တင်ဆက်ခဲ့ပါသည်။
အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) ကို ၁၉၅၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ် ဧပြီလ ၉ ရက်နေ့တွင် အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR)ကို တည်ထောင်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလေ့ရှိပါသည်။

ICCR ကို အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးနှင့် အပြန်အလှန် နားလည်မှုများ ခိုင်မာစေရန်၊ ကမ္ဘာတစ်ဝှမ်းတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) သည် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များကို တက်ကြွစွာ စီစဉ်ကျင်းပလျက်ရှိပြီး ဂီတ၊ အက၊ ယောဂနှင့် ဟိန္ဒီဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။
