CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
ရွေးကောက်ပွဲအလွန် ဖွဲ့စည်းလာသည့် အစိုးရအဖွဲ့အစည်းအသစ်နှင့် တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲများကြား မြန်မာ့နိုင်ငံရေးအခြေအနေ မည်ကဲ့သို့ ရှိလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်မှုများရှိနေကြသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲကာ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရကာ မြန်မာ့တပ်မတော်နှင့်ပူးပေါင်း၍ လွှတ်တော်အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များကို ဖွဲ့စည်းလျက်ရှိနေသည်။
လက်ရှိ အစိုးရသစ်လက်ထက်တွင် ပြည်ပနိုင်ငံများနှင့်ပတ်သက်၍ သိသာထင်ရှားစွာ ပြောင်းလဲနိုင်မည့် အလားအလာ မရှိနိုင်ကြောင်း၊ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍများကို ပိုမိုအားစိုက်လုပ်လာနိုင်ကြောင်း၊ ပြည်တွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေသည် အစိုးရသစ်လက်ထက်တွင် များစွာပြောင်းလဲမှုရှိလာနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၄င်းက “နိုင်ငံရေးအခင်းအကျင်းလို့ပြောမယ်ဆိုရင်တော့ ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ပြည်ပနိုင်ငံရေး အခြေအနေပေါ့နော်။ ကျနော်အမြင်ကတော့ ဒီပြည်တွင်း နိုင်ငံရေးအခြေအနေမှာတော့ ပြောင်းလဲလာမယ် လို့တော့ ကျနော်မျှော်လင့်တာပေါ့။ ပြည်ပနိုင်ငံရေးအခြေအနေကတော့ သိပ်ပြီးမှ ထူးထူးခြားခြား ကြီးကြီးမားမား ပြောင်းလဲနိုင်မယ့် အလားအလာတော့သိပ်မရှိဘူးလို့ ထင်ပါတယ်။ အပိုင်းနှစ်ပိုင်းပေါ့နော်။ ပြည်တွင်းနိုင်ငံရေး အခြေအနေကတော့ တော်တော်လေးကို ပြောင်းလဲလာနိုင်မယ်လို့ မြင်မိပါတယ်။ နောက်စစ်ရေး အခြေအနေကြတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စစ်ရေး အတွေ့အကြုံလည်း ရှိထားတယ်။ စစ်ရေးအခြေအနေကတော့ အခုလက်ရှိအခြေအနေထက်ကို ပိုပြီးမှ ကောင်းလာလိမ့်မယ်လို့တော့ မြင်မိပါတယ် ဗျ။ ငြိမ်းချမ်းရေးကဏ္ဍတွေမှာလည်း ပိုပြီးမှ အားစိုက်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ပြည်တွင်းမှာကြတော့ စစ်ရဲ့ ဒဏ်တွေ အကြီးအကျယ်ခံရတဲ့ အချက်ကြတော့ အခုလက်ရှိအစိုးရက မုန်းသော်ရှိ ရှိသော်စစ်ပေါ့နော်။ အခုလက်ရှိအစိုးရနဲ့ပဲ ဆက်သွားရမယ်ဆိုတဲ့ ခံယူချက်မျိုးက တော်တော်များများတော့ဖြစ်လာနိုင်ပါတယ်။ စစ်ရဲ့ဒဏ်ကို ပြည်သူတွေက တော်တော်လေးကို ခံစားရပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်သူမျက်နှာကြည့်ပြီးမှ ပြည်သူ့အကျိုးကို ကြည့်ပြီးမှ တစိုက်မတ်မတ် လုပ်သွားပေးမယ်ဆိုရင်တော့ ပြည်သူရဲ့ ယုံကြည်မှုတွေ သူရနိုင်ပါတယ်ဗျ။ အဲဒါကြောင့်မို့လို့ ကျနော် လက်ရှိပြည်တွင်းအခက်အခဲတွေကို ဒီအစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်တဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းအခြေအနေကတော့ တော်တော်များများ တိုးတက်ပြောင်းလဲလာမယ်လို့တော့ ကျနော်ပြောချင်တယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား တွေ့ရစဉ်
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
လက်ရှိ တပ်မတော် ရာထူးအပြောင်းအလဲများအရ စစ်ရေးအခြေအနေ ပျော့ပျောင်းမည့်သဘောရှိပုံမပေါ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၄င်းက “ကျနော်ထင်တာတော့ သူသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ပေတံနဲ့တိုင်းမှာမဟုတ်ဘူး။ အစိုးရဖြစ်ပြီး သူဘာပေါ်လစီလုပ်မလဲ ဘာလုပ်မလဲဆိုတဲ့ ပေတံနဲ့တိုင်းမယ်လို့ ယူဆတယ်။ ဥပမာ အာဆီယံရဲ့ (5 point Consensus) ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ လိုက်ပါ လုပ်ဆောင်နိုင်တယ် ဆိုရင်တော့ အာဆီယံ သဘောထားပြောင်းလဲသွားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ကတေ့ာ ဖိလစ်ပိုင်၊ နောက်နှစ်မှာတော့ စင်္ကာပူ၊ နောက်တစ်နှစ်မှာတော့ ထိုင်းဆိုတာ ဖြစ်လာမှာကို။ ဒါကြောင့် ထိုင်းအာဆီယံ ဥက္ကဋ္ဌ ဖြစ်လောက်တဲ့ နှစ်လောက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ သဘောလည်းရှိတာကို။ ဒါကြောင့် ဒီစင်္ကာပူကလည်း နောက်နှစ် သူ့လက်ထက်မှာ ဖြစ်နိုင်ခြေရှိမလား။ သူမဖြစ်ဘူးဆိုရင်တော့ စင်္ကာပူပြီးရင် လာမယ့် ထိုင်းကတော့ သေချာပေါက်ပြန်ဖြစ်ပေးနိုင်တဲ့သဘောရှိတာပေါ့လေ။ အစိုးရရဲ့ပေါ်လစီတွေ မထွက်သေးတော့ နည်းနည်းတော့ ကြည့်ရအုံးမယ်။ ဒီလူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် မူ အပြောင်းအလဲ များ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်။ စစ်ရေးကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေး ဦးစီးချုပ်တွေ ခန့်အပ်တဲ့ဟာပေါ့။ နှစ်ယောက်စလုံးကတော့ စစ်ရေးမှာ ပျော့ပျောင်းတဲ့သဘောရှိမယ့်ပုံမပေါ်ဘူး။ နောက်စစ်ရေးကတော့ နဂိုအတိုင်းသွားနိုင်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးဘက်က အစိုးရပေါ်လစီ အပြောင်းအလဲ လွှတ်တော်က ချမှတ်ပေးတဲ့ ပေါ်လစီ အပြောင်းအလဲတွေဖြစ်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒါဆိုရင်တော့ သူတို့အနေနဲ့ နိုင်ငံရေးအပြောင်းအလဲပေါ်မှာပေါ့ စစ်ရေးကတော့ လိုက်ပြီးလှုပ်ရှားတာတော့ ရှိလာမှာပေါ့လေ ကြည့်ရတာ။ ဒါပေမယ့် အုပ်စုတော့ကွဲသွားမယ်စစ်ရေးမှာတော့။ ပြောလို့ဆိုလို့ရမယ့် ညှိနှိုင်းလို့ အပေးအယူနိုင်ငံရေးအရ Dialogue လုပ်လို့ရမယ့် အဖွဲ့တွေကတော့ တစ်ပိုင်းဖြစ်ပြီးတော့ Dialogue လုပ်ဖို့ မလွယ်တဲ့ စစ်ရေးအရ ပိုပြီးတော့ တင်းကြပ်မယ့်သဘောတော့ရှိတာပေါ့လေ။ နှစ်ပိုင်းတော့ဖြစ်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေ ကြည့်ရင်တော့ အဲဒီလိုမြင်ရပါတယ်” ဟု ပြောသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များ ပေါ်ပေါက်လာပြီးဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူများအနေဖြင့် မျှော်လင့်၍ ရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်အားတွေ့ရစဉ်
၄င်းက ”ကျနော်တို့ရှေ့မှာတုန်းကပေါ့နော် NSPNC နဲ့ ပါတီတွေရဲ့ အလုပ်အဖွဲ့ပေါ့နော် ၁၆ ပါတီနဲ့ ကျနော်တို့ ဆွေးနွေးပွဲတွေရှိခဲ့တာပေါ့။ အဲဒီထဲမှာ ကျနော်တို့ သဘောတူထားတဲ့ ၄၃ ချက်ရှိတယ်။ ပြီးတော့ အဲဒီ ၄၃ ချက်ထဲမှာ မပါသေးပေမယ့် အခြေခံအားဖြင့် သဘောတူထားပြီးသားပေါ့နော်။ မူအားဖြင့် သဘောတူပြီးသားအချက်တွေလည်းရှိတာပေါ့။ အဲဒီလိုဟာတွေက မဖြစ်မနေ လုပ်ရမယ့်ဆိုတဲ့ဟာမျိုးပေါ့နော်။ လွှတ်တော်ပြန်စပြီဆိုတာနဲ့ လုပ်ပါမယ်ဆိုတဲ့ဟာကရှိတဲ့အခါကြတော့ ကျနော်တို့က ဒါတွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒါတွေမျှော်လင့်လို့ရမယ်။ ပြီးတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်အနေနဲ့က အခုက စုဖွဲ့လာပြီပေါ့နော်။ စုဖွဲ့လာပြီဆိုတဲ့အခါကြတော့ ကျနော်တို့က ရှေ့မှာတုန်းကတော့ အာဏာထိန်းပေါ့လေ။ အာဏာထိန်း အစိုးရဖြစ်တယ်။ ဒီတစ်ခေါက်ကျတော့ ဘာပဲဖြစ်ဖြစ် လူတွေက အများကြီးပြောင်းလဲတာမျိုး မဟုတ်ပေမယ့် ကျနော်တို့က ရွေးကောက်ခံအစိုးရဆိုတဲ့ပုံသဏ္ဍာန်တော့ ပြန်ပြောင်းသွားတာပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ Power Center ကလည်း ပြန်ကွဲသွားတယ်။ လွှတ်တော်ဆိုတာပေါ်လာတယ်။ ဒီအတွက်ကြောင့်မို့လို့ လူတအားမပြောင်းပေမယ့်လည်း ကျနော်တို့ နိုင်ငံရေး (Political Arena) ပေါ့နော်။ ကစားကွင်းက ပိုပြီးတော့ လုပ်သာပြုသာ ရှိလာတယ်ပေါ့။ ဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ကလည်း မျှော်လင့်စရာ အများကြီးရှိပါတယ်” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်း ကြောင်း၊ ဧပြီ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
အစိုးရသစ်နှင့် လွှတ်တော်သည် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာအောင် အပြန်အလှန် ထိန်းကြောင်း၍ မူဝါဒကောင်းများ ချမှတ်ရန် လိုအပ်ကြောင်း၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန် တည့်မတ်ရန် လိုအပ်သကဲ့သို့ လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း၊ စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အဓိကကျသည့် စားဝတ်နေရေးနှင့် စီးပွားရေး ချွတ်ခြုံကျနေခြင်းကို ပြန်လည် မြှင့်တင် နိုင်ရန်အတွက် စီးပွားရေး မူဝါဒကောင်းကောင်း အမြန်ဆုံးချမှတ် အကောင်အထည်ဖော်သင့်ကြောင်း အားလုံးက ထောက်ပြနေကြသည်။
