CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၉ 

ဖက်ဒရယ်ဥပ‌ဒေနှင့်အညီ ပြန်သွားမည်ဆိုပါက နိုင်ငံရေးအခွင့်အရေး တန်းတူမှုအား ပြန်ပေးရမည်ဖြစ်ပြီး နိုင်ငံရေး အခွင့်အရေး တန်းတူမှုမရှိလျှင် ဖက်ဒရယ်မဖြစ်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များ ယခုရရှိထားခြင်းများသည် ဥပဒေကြောင်းနှင့်အညီ မဟုတ်‌သေးဘဲ အဆင်ပြေ သလို နားလည်မှု‌ပေးရသည့် အဆင့်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဝင်ဖြစ်သည့် အချိန်တွင် တန်းညှိရ မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိအချိန်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကမောက်ကမ အချိန်ပေါ့ဗျာ၊ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ ကမောက်ကမ အချိန်ပေါ့၊ ဒါကြောင့် ကမောက်ကမ အချိန် ဖြစ်တဲ့အတွက် အခုရထားတဲ့ တချို့က အခွင့်အရေး ခပ်များများ ရထားတယ်၊ တချို့ကတော့ ဘာမှမရသေးဘူး တိုက်နေတယ်၊ အဲဒါတွေအားလုံးကို ပြန်ပြီးတော့ တန်းညှိရမှာပေါ့ဗျာ၊ တရားဝင်ဖြစ်တဲ့ အချိန်မှာ တန်းညှိရမှာပေါ့၊ အခုရထားတာတွေက ဥပဒေ ကြောင်းအရ တရားဝင်တယ်လို့ ပြောလို့မရသေးဘူးလေ၊ ဥပဒေကြောင်းနဲ့အညီ မဟုတ်သေးဘူးပေါ့၊ အဆင်ပြေသလို နားလည်မှုပေးရတဲ့ အဆင့်တွေမှာပဲ ရှိကြပါတယ်၊ ဒါကြောင့် အဆင်ပြေသလို နားလည်မှု ပေးရတဲ့ အဆင့်ကလည်း ထာဝရတော့ မဟုတ်ပါဘူး၊ တကယ်တော့ ဥပဒေနဲ့အညီ ပြန်သွားမယ်ဆိုရင် ဖက်ဒရယ်ဥပဒေပေါ့ဗျာ၊ ပြန်ညှိမယ်ဆိုရင်တော့ နိုင်ငံရေးအခွင့်အရေး တန်းတူမှုကိုတော့ ပြန်ပေးရမှာပေါ့၊ ဒါက ဖက်ဒရယ်ရဲ့ အနှစ်သာရပါ၊ ဒါကြောင့် နိုင်ငံရေးအခွင့်အရေး တန်းတူမှုမရှိရင်တော့ ဖက်ဒရယ်မဖြစ်နိုင်ပါဘူး၊ အခုလက်ရှိ အခြေအနေကတော့ ကမောက်ကမ အခြေအနေဆိုတော့ နိုင်ငံရေးအခွင့်အရေး တန်းတူမှု မရှိဘူးဆို တာတော့ သေချာတာပေါ့” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ကျင်းပအပြီးတွေ့ရစဉ်

မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ-တပ်မတော်ကြား သဘောတူထားကြသလို နိုင်ငံရေးပါတီများ ကလည်း လက်ခံထားကြသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကြောင့် တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်စနစ်ထက် ကျော်လွန်၍ ကွန်ဖက်ဒရေး ရှင်း သို့မဟုတ် သီးခြား လွတ်လပ်သော နိုင်ငံသစ် ထူထောင်ရေးဆိုသော ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား လာခဲ့ကြသည်။

ပြည်ထောင်စုအစိုးရသည် အားကောင်းရန်လိုကြောင်း၊ ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အား မပေးဘဲ ဖက်ဒရယ်အဆင့်ကိုပဲ ပေးမည်ဆိုပါက တပြေးညီပေးရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုအစိုးရသည်လည်း ဖက်ဒရယ်ထက် ကျော်လွန်နေသည့် ကိစ္စများအား ညှိနှိုင်းရန်လိုကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဒီဖက်ဒရယ်လို့ တောင်းဆိုလာတာကတော့ ဒီ ၆၂ နောက်ပိုင်းပေါ့နော်၊ ဒါပေမယ့်လည်း ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြီးတဲ့ အခါကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးလိုက်တယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးလိုက်တဲ့ အခါကျတော့ အဓိက,ကတော့ “ဝ”ပေါ့ဗျာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးတဲ့ထဲမှာ ဆိုရင်တော့ သူက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက်ကို ကျော်လွန်ပြီးတော့ ဖက်ဒရယ်၊ ကွန်ဖက်ဒရိတ်ဖြစ်သွားတယ်၊ ဖြစ်သွားတဲ့အခါကျတော့ အခုတိုင်းရင်းသားတွေကလည်း “ဝ” ကို စံနမူနာ ထားပြီး မှ သူတို့က ကွန်ဖက်ဒရိတ်အဆင့်ကို လိုချင်ကြတာ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့နော်၊ ဒါပေမယ့် ပြည်‌ထောင်စုအစိုးရမှာ အားကောင်းဖို့တော့လိုတယ်၊ ဒါကြောင့် ကွန်ဖက်ဒရိတ်ကို မပေးဘူး၊ ဖက်ဒရယ် အဆင့်ကိုပဲ ပေးမယ်ဆိုရင် တပြေးညီပေးဖို့တော့ လိုအပ်တာပေါ့၊ ပြည်ထောင်စုအစိုးရကနေပြီးမှ အခုလိုမျိုး ကျော်လွန်နေတဲ့ ကိစ္စတွေကို သူတို့က ညှိနှိုင်းရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပေးထားချက် အတိုင်းကိုပဲ ပေးကြရမှာဖြစ်ပါတယ်၊ ဒီထက်ကျော်လွန်ပြီး ပေးမယ်ဆိုရင်တော့ တိုင်းရင်းသားတွေက တစ်ဆင့်ပြီးတစ်ဆင့် တောင်းဆိုလာကြမယ်လို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

အာရက္ခတပ်တော်(AA)က “ဝ” ထက် မနိမ့်သော နိုင်ငံရေး အဆင့်အတန်းမျိုးကိုယူမည် သို့မဟုတ် ကွန်ဖက်ဒရေး ရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဟု ထုတ်ဖော် ပြောကြား ထားသည်။

ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ အနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်၍မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များသည် ကိုယ်ပိုင် နယ်မြေများ ရရှိရေး ကြိုးပမ်းနေကြ၍ စစ်ပွဲဆက် ဆင်နွှဲရမည်ဟုလည်း ပြောထားသည်။