CNI International News

ဒါကာ၊ မေလ ၃၀

ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် မိုနိုဝါ ဟော့စိန် (Monowar Hossain) ကို ချက်ချင်း ပြန်လာရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်တွင် အတည်ပြုခဲ့ကြောင်း Bangla News 24 သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လကတည်းက နေပြည်တော်တွင် ဘင်္ဂလားဒေ့ရှ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဟော့စိန်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရန် ညွှန်ကြားခံခဲ့ရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အရာရှိများနှင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသည့် AA ကြား ဆက်သွယ်မှုများ ရှိနေသော သတင်းများကြောင့် မြန်မာ့တပ်မတော်က ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

AA နှင့် ဆက်သွယ်မှုများရှိကြောင်း ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ခါလီလာ ရာမန် (Khalilur Rahman) က လူသိရှင်ကြား ဝန်ခံခဲ့ပြီးနောက် ထိုကိစ္စသည် ထင်ရှားလာခဲ့ခြင်းဖြစ်သည်။

AA က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေကို ပြန်လွှတ်ပေးနေစဉ်

ထိုဖြစ်ရပ်ကို တုံ့ပြန်သည့် အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)က ဘင်္ဂလားဒေ့ရှ်ကို မကျေနပ်ကြောင်း ဖော်ပြရန် သံတမန်ပေးစာတစ်စောင် ပေးပို့ခဲ့သည်။

ယခုလ အစောပိုင်းကလည်း ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဘင်္ဂလားဒေ့ရှ် ဗိုလ်မှူးချုပ် အက်ဖ်တက် ဟော့စိန် (Aftab Hossain) ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက အရေးပေါ် ကိစ္စဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အတိုက်အခံ နိုင်ငံရေးပါတီ တစ်ခုကလည်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကို သီးခြားလွတ်လပ် သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးနှင့် ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီများအတွက် လွတ်လပ်သည့် နယ်မြေသတ်မှတ် ပေးရေး တရုတ်က ထောက်ခံတိုက်တွန်းပေးရန် တရုတ်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်က တောင်းဆိုဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနှင့်ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုများ ရှိခဲ့သေးသည်။

Source: Bangla News 24