CNI International News
ဘန်ကောက်၊ မေလ ၃၀
မူးယစ်ဆေးဝါး တိုက်ဖျက်သည့် အားထုတ်ကြိုးပမ်းမှုများ အောင်မြင်မှုရှိကြောင်းနှင့် အစိုးရ၏ မူဝါဒများကို ကြေညာရန် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) သည် မေလ ၂၉ ရက်က အစည်းအဝေး တစ်ခု ခေါ်ယူခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ပေတုန်တန်နှင့်အတူ ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai)၊ တရားရေးဝန်ကြီး တာဝီ ဆွတ်ဆောင် (Tawee Sodsong) နှင့် အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ကီထရတ် ဖန်ဖတ် (Kitrat Phanphet) တို့လည်း အစည်းအဝေး တက်ရောက်ခဲ့သည်။
ဧပြီ ၁ ရက်မှစပြီး ပြီးခဲ့သည့် ၂ လအတွင်း ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဗျူရိုသည် SEAL-STOP-SAFE အမည်ရှိ စစ်ဆင်ရေးဖြင့် အာဏာပိုင်များသည် သံသယရှိသည့် နေရာများကို စီးနင်းခြင်း၊ မူးယစ်ဆေးဝါး ကွန်ရက်များမှ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း၊ သံသယရှိသူ ၃၄ ဦးကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများထဲတွင် မက်သာဖီတမင်းဆေးပြား ၂၉ ဒသမ ၉၃ သန်း၊ ဘိန်း ၁၂၆ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးနဲ့ ကီတမင်း ၄၄၄၃ ကီလိုဂရမ်နှင့် ဘတ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ ပိုင်ဆိုင်မှု များကို သိမ်းဆည်းနိုင်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထိုစစ်ဆင်ရေးကို ဖေဖော်ဝါရီ ၁ ရက်က စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် ကွန်ရက်များကို ကြားဖြတ်ဟန့်တားခြင်း၊ စီးနင်းခြင်းတို့ကို အရှိန်မြှင့် လုပ်ဆေင်ခဲ့သည်ဟု အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ကီထရစ်က ပြောကြားခဲ့သည်။
စီးနင်းမှုများအတွင်း တန်ဖိုးကြီး ဇိမ်ခံကားများ၊ အိမ်များ၊ ငွေသားများ၊ ရွှေနှင့် လက်ဝတ်ရတနာများလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုစစ်ဆင်ရေးကို မူးယစ်ဆေးဝါး မှောင်ခိုကူးသူမျာအား ဖမ်းဆီးရုံသာမက ငွေကြေးစီးဆင်းသည့် လမ်းကြောင်း များကို ဖြတ်တောက်ခြင်း၊ တရားမဝင် ပိုင်ဆိုင်မှုများကို ထိန်းသိမ်းခြင်း၊ တရားဥပဒေနှင့်အညီ အရေးယူခြင်း အစရှိသည့် အစိုးရ၏ မူဝါဒနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်သည်ဟုပြောသည်။
၂၀၂၄ ခုနှစ်က ကာလတူနှင့် နှိုင်းယှဉ်ပါက မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသူ အရေအတွက်နှင့် သိမ်းဆည်းရမိမှု ပမာဏသည် ပိုမိုများပြားခဲ့ကြောင်း ကီထရက်က ပြောကြားခဲ့သည်။
Source: The Nation